အစားအသောက် ဘေးကင်းလုံခြုံရေး အခြေခံသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

အစားအသောက် ဘေးကင်းလုံခြုံရေး အခြေခံသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော်  ဧပြီ   ၉

    အစားအသောက်ဘေးကင်း လုံခြုံရေး အခြေခံသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်နည်းပညာ တက္ကသိုလ်၌ ကျင်းပရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊     သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဒေါက်တာ အောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစားအသောက်နှင့်   ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  အစားအသောက် ဘေးအန္တရာယ် ကင်းရှင်း ရေးသည် လူတိုင်းနှင့် သက်ဆိုင်သည့်အရာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်းသည့် အစားအသောက်များကို   စားသုံးမှသာ ကျန်းမာကြံ့ခိုင်သည့်  လူသားများအဖြစ် ရှင်သန်နိုင်မည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် အစားအသောက်ကို   ရွေးချယ်ရာတွင် လတ်ဆတ်ပြီး အာဟာရပြည့်ဝရန် လိုအပ်သလို  ဘေးအန္တရာယ် ကင်းရှင်းရန်လည်း အလွန်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် အစားအသောက်ဥပဒေကို ပြဋ္ဌာန်းထားပြီး အစားအသောက်နှင့်  ဆေးဝါးကြီးကြပ်ရေး ကော်မတီက ကျန်းမာရေးနှင့် ညီညွတ်သည့်ဆေးဝါး၊ အစားအသောက်များကို ပြည်သူများ စားသုံးနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊  ပြည်သူလူထု အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစွာ   စားသောက်နိုင်ရေးအတွက်    ကျရာအခန်းကဏ္ဍမှ ညွှန်ကြားချက်များအား တိကျစွာလိုက်နာပြီး ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏အဆိုအရ အစားအသောက် ဘေးအန္တရာယ်များကို   အရှေ့တောင်အာရှ နိုင်ငံများတွင် အများဆုံး ခံစားကြရကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်   လူပေါင်းသုံးသန်း ခန့်သည် မသန့်ရှင်းသော    ရေနှင့်အစား အသောက်များကို သောက်သုံးခြင်း၊ စားသုံးခြင်းဖြင့်  နှစ်စဉ် အသက်ဆုံးရှုံးနေကြရကြောင်း၊ အစားအသောက်များအား မည်မျှပင် ဖူလုံအောင်  ထုတ်လုပ်စေကာမူ အစားအသောက်ဘေးကင်း လုံခြုံမှုမရှိလျှင် အစားအသောက်ဖူလုံမှုကို  မရရှိနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါလုပ်ငန်းများကို  အစားအသောက်ဘေးကင်း လုံခြုံရေး အသိပညာများ ဖြန့်ဖြူးပေးခြင်းအားဖြင့် အရည်အသွေး ပြည့်ဝသော၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို  ထုတ်လုပ်နိုင်ရန် အထောက်အကူပြုနိုင်ပြီး   ပြည်သူလူထု ကျန်းမာရေးလည်း   မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  နေပြည်တော်နည်းပညာ တက္ကသိုလ်တာဝန်ခံ ဒေါက်တာနေမျိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အချက်များ၏ အရေးပါပုံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  အစားအသောက် နည်းပညာစင်တာရှိ  ဓာတ်ခွဲခန်းများအား လိုက်လံကြည့်ရှု စစ်ဆေးရာ   တာဝန်ရှိသူများက  သက်ဆိုင်ရာ   ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။