“ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ် စီမံမှုများ” စာတမ်းဖတ်ပွဲ ကျင်းပ

 

“ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ် စီမံမှုများ” စာတမ်းဖတ်ပွဲ ကျင်းပ

 

နေပြည်တော်  ဧပြီ   ၉ 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက   ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ် စီမံမှုများ စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌  ကျင်းပရာ   အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး  ဦးမင်းနောင်၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စာတမ်းရှင်များနှင့် လေ့လာသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ စာတမ်းရှင်များနှင့် လေ့လာသူများက  အွန်လိုင်းမှ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက   နိုင်ငံတော်အစိုးရ အနေဖြင့် လယ်ယာကဏ္ဍကို အခြေခံ၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးသီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက်   မြေယာကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ ရေရရှိရေးနှင့် စနစ်တကျသုံးစွဲရေး၊ သီးနှံအမျိုးအစား အလိုက်ဒေသများနှင့် ကိုက်ညီသည့်   မျိုးကောင်းမျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊   ဒေသအလိုက် လိုက်လျောညီထွေရှိမည့် ခေတ်မီနည်းပညာများ သုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိအောင် ဆောင်ရွက်နိုင်ရေးတို့ကို  စီမံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သီးနှံများစိုက်ပျိုး ထုတ်လုပ်ခြင်းသည် ရာသီဥတုအပေါ်များစွာ တည်မှီနေသဖြင့် ယနေ့ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြုံတွေ့နေရသည့်   ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကို သတိချပ်ကာ  ရေစီမံခန့်ခွဲမှုများကို   ဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။ 

မိမိတို့ဝန်ကြီးဌာနအနေဖြင့်  ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်သော လယ်ယာကဏ္ဍ ဖော်ဆောင်နိုင်ရေးအတွက် Myanmar  Climate-Smart  Agriculture Strategy ကို ပြုစုထုတ်ပြန်ထားပြီးဖြစ်၍ သွေဖည်မှုမရှိစေဘဲ  စီမံဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ယခုအခါ  ကမ္ဘာတစ်ဝန်းလုံးတွင် အယ်လ်နီညို သက်ရောက်မှုများနှင့် လာနီညာ သက်ရောက်မှုများ ကြုံတွေ့ရလျက်ရှိရာ လယ်ယာစီးပွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ ကြိုတင်စီမံဆောင်ရွက်နိုင်မှသာ နိုင်ငံနှင့် ဒေသခံ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို   ကာကွယ်ထိန်းသိမ်းရာ ရောက်မည်ဖြစ်ပါကြောင်း။

စိုက်ပျိုးရေပေးဝေမှု ကဏ္ဍများတွင်လည်း ရေအလေအလွင့် နည်းပါးစွာ စီမံဆောင်ရွက်၍ ရေအသုံးချသူ တောင်သူလယ်သမားများ ပါဝင်သည့် “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်”အကောင်အထည်ဖော်မှု ကဏ္ဍများကိုလည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အောက်ရှိဌာနများတွင် နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများ အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိရာ    ဆည်မြောင်းကဏ္ဍတွင်   တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အင်ဂျင်နီယာများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများအနေဖြင့်လည်း  မိမိတို့ တတ်ကျွမ်းရမည့်     နည်းပညာများကို လေ့လာသင်ယူ၍ ယနေ့ဖြစ်ပေါ်နေသော အခြေအနေများနှင့်   လိုက်လျောညီထွေ ဖြစ်အောင်   လက်တွေ့အသုံးချရန်ကိုလည်း တိုက်တွန်းပြောကြား လိုပါကြောင်း ပြောကြားသည်။

ထို့နောက် “ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ် စီမံမှုများ” စာတမ်းဖတ်ပွဲကို ကျင်းပရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာတမ်းဖတ်ပွဲ၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ စာတမ်းဖတ်ပွဲကို ကျင်းပရာ ပထမနေ့တွင် စာတမ်း ၁၂ စောင် ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ယနေ့တွင်ဒုတိယနေ့အဖြစ် စာတမ်း  ၁၂  စောင်   ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

နှစ်ရက်ကြာကျင်းပသည့် စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်  ဒုတိယဝန်ကြီးများ   တက်ရောက်အားပေးကြပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန   ဝန်ထမ်းစာတမ်းရှင်များက မြို့ပြ၊  စက်မှု၊ လျှပ်စစ်၊  ဘူမိ၊  ဇလ၊ မြေအောက်ရေနှင့် အခြားဆက်စပ်ကဏ္ဍ အသီးသီးမှ   စာတမ်း ၂၄  စောင်ကို တင်သွင်းဖတ်ကြားပြီး   အဆိုပါစာတမ်းများနှင့် စာတမ်းဖတ်ပွဲ တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေး ဦးစီးဌာနအနေဖြင့်    စနစ်တကျ ထည့်သွင်း   စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။