လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

 

လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

 

နေပြည်တော် ဧပြီ ၉

    လူမှုကာကွယ် စောင့်ရှောက်ရေး   အစီအစဉ်များ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာနအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်း သူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ အဓိကအားဖြင့်  ထိခိုက်လွယ်အုပ်စုများကို လူ့ဘဝတစ်သက်တာလုံး လွှမ်းခြုံမှုရှိစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ၏   လူမှုကာကွယ် စောင့်ရှောက်ရေး     အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို   ၂၀၁၄ ခုနှစ်တွင် အတည်ပြု ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ မဟာဗျူဟာစီမံချက်တွင် အဓိကလုပ်ငန်းစဉ်(၈)ရပ် ပါဝင်ပြီး ၎င်းတို့အနက် ငွေကြေး ထောက်ပံ့ခြင်း လုပ်ငန်းအစီအစဉ်(၂)ရပ်ဖြစ်သည့် “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များကို ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် - MCCT” နှင့် “လူမှုရေး ပင်စင်ထောက်ပံ့ခြင်း အစီအစဉ်” တို့ကို ၂၀၁၇-၂၀၁၈   ဘဏ္ဍာနှစ်မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်ရာတွင် အကျိုးခံစားခွင့် ရှိသူများထံသို့ ငွေကြေးများ တိုက်ရိုက်ထောက်ပံ့ခြင်း (Cash in Envelope) နည်းလမ်းကိုသာ အသုံးပြု လျက်ရှိကြောင်း၊ ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်း နည်းလမ်းများနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်နိုင်ရေး၊ အကျိုးခံစားခွင့်ရှိသူများထံသို့ ထောက်ပံ့ငွေများ အပြည့်အဝရရှိရေးနှင့် နိုင်ငံတော် ဘဏ္ဍာငွေများ တိကျမှန်ကန်စွာ သုံးစွဲနိုင်ရေးတို့အတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးသို့  တက်ရောက်လာကြသူများ အနေဖြင့် တင်ပြသွားမည့် ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်း နည်းလမ်းများအပြင် ရေရှည်ဆောင်ရွက်နိုင်မည့် အခြားအကြံပြုလိုသည့် နည်းလမ်းများ၊   နည်းပညာများကိုလည်း မျှဝေအကြံပေး ဆွေးနွေးကြစေလိုပါ ကြောင်း  ပြောကြားသည်။

ထို့နောက်   လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က  လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းများ၊ ပြောင်းလဲအသုံးပြုလိုသည့် ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေးသို့  တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းသည်။ 

မွန်းလွဲပိုင်းတွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက်ကျင်းပနိုင်ရန်အတွက် ဝန်ကြီးဌာနများအလိုက်   ဇာတ်တိုက် လေ့ကျင့်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဆင်နွှဲရန်အတွက် သင်္ကြန်ယိမ်းအကအဖွဲ့များ၏   ကြိုတင်လေ့ကျင့်ခြင်း အစီအစဉ်ကို ဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက တက်ရောက်ကြည့်ရှု အားပေးကြသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ    လူမှုဝန်ထမ်း ဦးစီးဌာနယိမ်းအဖွဲ့မှ “ရေတွေစိုကုန်ပြီ၊ နွေဦးကဗျာ” သီချင်းများဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ယိမ်းအဖွဲ့မှ “မူယာကြော့၊ ကျီစားသလား” သီချင်းများဖြင့်လည်းကောင်း နေ့အလိုက်   ပါဝင်ဖျော်ဖြေ ဆင်နွှဲသွားမည် ဖြစ်ကြောင်း သိရသည်။