ပြည်ထောင်စုရာထူးဝန် အဖွဲ့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များ ဖြည့်စွက်အသိပညာပေး ဆွေးနွေးပွဲကျင်းပ

 

ပြည်ထောင်စုရာထူးဝန် အဖွဲ့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များ ဖြည့်စွက်အသိပညာပေး ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  ဧပြီ  ၉

    ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်ပါ   ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်နှင့် ယာယီရွှေ့ဆိုင်းခွင့်များ အပြင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များအား  ဝန်ထမ်းများ သိရှိနိုင်ရေး အတွက် ဖြည့်စွက်အသိပညာပေး ဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုရာထူး ဝန်အဖွဲ့ ရုံးအမှတ်(၁၇) စုပေါင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပြည်သူ့စစ်မှုထမ်း ဥပဒေကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊   ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ အာဏာတည်ခဲ့ပြီး ဖြစ်ပါကြောင်း၊  ဝန်ထမ်းအားလုံး၏ အရေးကိစ္စများ ဆောင်ရွက်ရသည့်   ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ဝန်ထမ်းများ လွယ်ကူရှင်းလင်းစွာ သေသေချာချာ သိရှိနားလည်နိုင်စေရန်၊ နိုင်ငံတော် လုံခြုံရေးအတွက် ချမှတ်ထားသော ပြည်သူ့စစ်မှုထမ်းဥပဒေကို ဝန်ထမ်းအဖွဲ့အစည်း တစ်ခုလုံးက သိရှိနားလည်နိုင်ရန်၊ အခြားသူများက မေးမြန်းလာပါကလည်း ပြန်လည် ရှင်းလင်းပြောကြားနိုင်ရန်၊    တစ်ဦးချင်းအတွက်သာမက  အများအတွက်၊ ဝန်ထမ်းအဖွဲ့အစည်း တစ်ခုလုံးအတွက်     ဗဟိုပြုဆောင်ရွက်နေသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်းများက  ထဲထဲဝင်ဝင်သိရှိ နားလည်ရန် လိုအပ်ပါကြောင်း၊   ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေများကို ထဲထဲဝင်ဝင် သိရှိရန်လိုအပ်ပြီး မျက်ခြည်မပြတ် လေ့လာသွားကြရန်  လိုကြောင်း မှာကြားသည်။

ထို့နောက် ဥက္ကဋ္ဌရုံးအဖွဲ့ လက်ထောက် အတွင်းဝန်   ဒေါ်ချိုမာမြင့်က   ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ၂၂ ပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၁၅(က)ပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများ၊ ဥပဒေပါ သတ်မှတ်ချက်များနှင့် ၁၀-၃-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည့် အရန်တပ်ဖွဲ့ နည်းဥပဒေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဆွေးနွေးပွဲ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းမှုများကို အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်တွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ ယိမ်းအဖွဲ့အနေဖြင့်     နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်နှင့်   ဗဟိုမဏ္ဍပ်တို့တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေ ဆင်နွှဲနိုင်ရန်  ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ယိမ်းအက ကြိုတင်ဇာတ်တိုက်လေ့ကျင့်နေမှုကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် အနုပညာ ဦးစီးဌာနမှ အကနည်းပြဆရာမကို အမြဲတမ်း အတွင်းဝန်က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပြီး     သင်္ကြန်ယိမ်းအဖွဲ့ဝင်များကို   ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်း ၁၆ ဦး ပါဝင်သည့် သင်္ကြန်ယိမ်းအဖွဲ့များသည် မင်္ဂလာရှိသောသင်္ကြန်၊ ယိမ်းသမလေးရေ စသည့် မဟာသင်္ကြန်တေး သီချင်းများဖြင့် ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။