၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်

 

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်

 

နေပြည်တော်  ဧပြီ  ၉

    ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ   ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်  ဒေါက်တာမျိုးသန့်၊  နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီနှင့်ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများကို တစ်နိုင်ငံလုံး သို့မဟုတ် သတ်မှတ်နယ်မြေဒေသ တစ်ခုအတွင်း၌ရှိသည့် လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းကောက်ယူသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းကြောင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများ ရရှိစေခြင်း၊ နောင်လာမည့် နှစ်များအတွက် စီမံကိန်းများရေးဆွဲရာတွင် ပိုမိုတိကျမှုရှိစေရန်   ခိုင်လုံသောခန့်မှန်း လူဦးရေများ တွက်ချက်ပေးနိုင်ခြင်း၊ ယခင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့် ယခုကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များကို နှိုင်းယှဉ်ဆန်းစစ် လေ့လာနိုင်ခြင်း၊ လူမှုရေး၊ စီးပွားရေးနှင့်  အခြားနမူနာ ကောက်စစ်တမ်းများအတွက် အခြေခံစာရင်းအင်းများ ရရှိနိုင်ခြင်း၊ မဲဆန္ဒရှင်စာရင်းခန့်မှန်း ရရှိနိုင်ခြင်း၊ လူဦးရေပျံ့န့ှံမှုနှင့် နိုင်ငံသား၊ နိုင်ငံခြားသား စိစစ်ခြင်း လုပ်ငန်းများ၊  နိုင်ငံတကာ လူဦးရေစာရင်းများတွင် မှန်ကန်စွာ နှိုင်းယှဉ်နိုင်ခြင်း၊ နိုင်ငံတော်၏ လူဦးရေမူဝါဒ ရေးဆွဲရေးတွင် အထောက်အကူပြုနိုင်ခြင်း၊ သက်ဆိုင်ရာ ဒေသအလိုက်    လိုအပ်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် တွက်ချက်နိုင်ခြင်း စသည်တို့ကို အကျိုးရှိရှိ အသုံးပြု ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ်ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို စီမံဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား ကာလများတွင် မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု၊ အကြမ်းဖက် အဖွဲ့အစည်းများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်တွင်း/ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှုများ ရှိသည့်အတွက် လူဦးရေဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များ မလွဲမသွေ ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုပြီး လိုအပ်သည့်မူဝါဒ၊ စီမံကိန်းများချမှတ်ရန်အတွက် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။ 

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့်ခန့်မှန်း လူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု အရေအတွက် ၁၃ သန်းခန့်ကို   အခြေခံ တွက်ချက်ထားပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြေပြင်ကွင်းဆင်း ရေးဆွဲမှုအရ   သန်းခေါင်စာရင်းယူနစ် (Census Unit) ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ရှိမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း  ၄၂၀၀၀ ခန့်ဖြင့်  ကောက်ယူဆောင်ရွက်ရန် လျာထားပြီး နေပြည်တော် ကောင်စီအနေဖြင့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၁၀၉၄ ဦး ခန့်ထား ဆောင်ရွက်ရန် လျာထားပါကြောင်း၊ စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့်   အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet  များအသုံးပြု၍ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း  ကောက်ယူသည့်စနစ်(Computer Assisted Personal Interviews-CAPI) ဖြင့် ကောက်ယူ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စာရင်းကောက်ယူခြင်းကို   ၂၀၂၄  ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံ အချိန်ဖြစ်ပြီး  အိမ်ထောင်စုမေးခွန်း ပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်း ပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင်  Tablet  များ အသုံးပြု၍ CAPI စနစ်ဖြင့် ကောက်ယူသည့်အတွက် မေးမြန်းကောက်ယူထားသည့် အချက်အလက်များအား အချိန်တိုအတွင်း နေပြည်တော်ရုံးချုပ်ရှိ Server သို့ပေးပို့နိုင်ပြီး  အားလုံးကောက်ယူ ပြီးစီးသည်နှင့် လူဦးရေဆိုင်ရာ  အချက်အလက်များကို အမြန်ဆုံးထုတ်ပြန်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်တွင်  ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊    ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်း အဆင့်ဆင့်ကို၂၀၂၄ ခုနှစ် သြဂုတ်လမှစတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဗဟိုအဆင့်နည်းပြ သင်တန်းကို နေပြည်တော်တွင် လည်းကောင်း၊   အထူးနည်းပြသင်တန်းကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင်လည်းကောင်း၊ ခရိုင်နည်းပြသင်တန်းကို ခရိုင်အဆင့် ၁၂၆ နေရာတွင် လည်းကောင်း၊ စာရင်းစစ်၊  စာရင်းကောက် သင်တန်းကို မြို့နယ်အဆင့်နေရာ ၉၀၀ ခန့်တို့တွင်လည်းကောင်း  ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် မရှိမဖြစ် လိုအပ်သည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူကာ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း   ၂၀၂၄   ခုနှစ်  လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းနှင့်ပတ်သက်၍ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်   ဒေါက်တာခိုင်ခိုင်စိုးက   လူဦးရေ၏ အခန်းကဏ္ဍ၊ သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိနိုင်မည့် အချက်အလက်များ၊  လူဦးရေပြောင်းလဲမှု ဖြစ်စဉ်၏အရေးပါမှု၊ သန်းခေါင်စာရင်း အချက်အလက်များမှ ဖော်ထုတ်ချက် အကျဉ်းချုပ်တို့ကို ရှင်းလင်းဆွေးနွေး တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ နေပြည်တော် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက လက်ခံရယူခဲ့ကြောင်း သိရသည်။