မဟာသင်္ကြန်ကာလတွင် ပြည်သူအားလုံးသွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ

 

မဟာသင်္ကြန်ကာလတွင် ပြည်သူအားလုံးသွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ

 

    နွေရာသီအပူချိန်သည် တဖြည်းဖြည်း မြင့်တက်လာလျက်ရှိသည်။ ယခုနှစ်တွင် အယ်နီညိုဖြစ်စဉ်ကြောင့် တချို့သောဒေသများတွင် နေ့အပူချိန်သည် ၄၇ ဒီဂရီဆဲလ်စီးယပ်အထိ ရှိနေပြီဖြစ်သည်။ ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေနေပြီဖြစ်သည်။ မကြာမီ မဟာသင်္ကြန် ပွဲတော်ကာလသို့  ရောက်ရှိတော့မည်ဖြစ်သည်။

သင်္ကြန်သီချင်းသံများ ကြားနေရပြီဖြစ်သည်။ ရေကစား မဏ္ဍပ်များကိုလည်း ကြိုတင်ဆောက်လုပ်နေကြပြီ ဖြစ်သည်။ တစ်နယ်တစ်ကျေးတွင် အသက်မွေးဝမ်းကျောင်း ပြုနေရသူများသည် သင်္ကြန်ကာလတွင် မွေးရပ်မြေသို့ပြန်၍ ကောင်းမှုကုသိုလ် ပြုလုပ်ကြသည်။

မြန်မာမှန်လျှင် မြန်မာသင်္ကြန်ကို ဆင်နွှဲလိုကြသည်။ အသက်အရွယ်အလိုက် သင်္ကြန်ကာလကို အမျိုးမျိုးအဖုံဖုံဖြင့် ဖြတ်သန်းကြမည်ဖြစ်သည်။ ဆိုရလျှင် သင်္ကြန်ပွဲတော်သည် အေးချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ ကုသိုလ်တရား ပွားများရခြင်းဆိုသော အနှစ်သာရ များစွာရှိနေသည်။ ပြည်ပနိုင်ငံများသို့ ရောက်နေသည့် တိုင်အောင် သင်္ကြန်ကာလရောက်လျှင် ရေကစားဖြစ်ကြသည်။ ကောင်းမှုကုသိုလ် လုပ်ဖြစ်ကြသည်။

မြန်မာ့ရိုးရာအစဉ်အလာကို ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။

တန်ခူးလ

    မြန်မာ့ဆယ့်နှစ်လတွင် အစအဦးလသည် တန်ခူးလ ဖြစ်သည်။ နွေဥတုအလယ်အပူရှိန် ပြင်းထန်သည့် ကာလဖြစ်သည်။ တန်ခူးလကို ပုဂံခေတ်ကျောက်စာများ၌ တန်ခူဟုရေး၏။ အင်းဝခေတ်သို့ရောက်သောအခါ တန်းခူး ဟုရေးခဲ့သည်။ “တန်းခူးရာသီတိုင်ခဲ့ပြီ၊ ဆန်းထူးဝါနီ  လှိုင်ခဲ့ပြီ၊  သွန်းဖြူးဖြာစီ အိုင်ခဲ့ပြီ”ဆိုသော ရတုကိုဖတ်မှတ်ဖူးပါသည်။ လက်ရှိအချိန်တွင်မူ တန်ခူးဟုရေးကြသည်။

ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ တန်ကူးလတွင် တနင်္ဂနွေဂြိုဟ်သည် မိန်ရာသီမှ မိဿရာသီသို့ သင်္ကြန်အတာကူးပြောင်းသောကြောင့် တာကူးလဟုခေါ်ကြောင်း ဖော်ပြထားသည်။ ဗေဒင်အလိုအားဖြင့် တန်ခူးလကို မိဿရာသီဟုခေါ်သည်။ ထိုလတွင် စိတြနက္ခတ်စန်းနှင့်ယှဉ်၍မွန်းတည့်သည်။ ရာသီရုပ်မှာ ဆိတ်ရုပ်ဖြစ်၍ ရာသီပန်းမှာ ကံ့ကော်ပန်းဖြစ်သည်။

ပိတောက်ပန်းများသည်လည်း တန်ခူးလတွင် ဖူးပွင့်ကြသည်။ တန်ခူးလတွင် နံနက် ၆ နာရီ၌ နေထွက်၍ ည  ၆  နာရီ၌နေဝင်သည်။ နေ့တာ၊ ညတာညီမျှသော လပင်ဖြစ်သည်။ တန်ခူးလ၌ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲလေ့ရှိသည်။

သင်္ကြန်ဆိုသည်မှာ

    သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကားဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏ အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ ဖြစ်သည်။ မြန်မာလူမျိုးတို့၏ ကျင်းပမြဲဖြစ်သော ဆယ့်နှစ်လရာသီ ပွဲတော်များတွင် သင်္ကြန်ရေသဘင် ပွဲတော်သည်  လွန်စွာကြီးကျယ် စည်ကားသော အမျိုးသား ပွဲတော်တစ်ခုဖြစ်သည်။

မဟာသင်္ကြန်ကာလ

    မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၆ ရက် (၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်)တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညဉ့်စက် ၁၂ နာရီ ၂၄ မိနစ် ၄၅ စက္ကန့်အချိန်တွင် မဟာသင်္ကြန်ကျသည်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၇ ရက်(၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်)တနင်္လာနေ့သည် မဟာသင်္ကြန် အကြတ်ရက်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက် (၂၀၂၄ ခုနှစ် ဧပြီလ ၁၆ ရက်)အင်္ဂါနေ့ မြန်မာစံတော်ချိန် နံနက် စက် ၄ နာရီ ၂၉ မိနစ် ၂၆ စက္ကန့်အချိန်တွင် မဟာသင်္ကြန်တက်သည်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဦးတန်ခူးလဆန်း ၉ ရက် (၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်)ဗုဒ္ဓဟူးနေ့သည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ပင်ဖြစ်သည်။

ရေလိုအေးလို့ပန်းလိုလန်းပါစေ

    ၂၀၂၄ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းများအတွက် သင်္ကြန်ရုံးပိတ်ရက် ကာလသည် ဧပြီလ ၁၃ ရက်မှ ၂၁ ရက်အထိဖြစ်သည်။ အမှန်တော့ မြန်မာလူငယ်များသည် နှစ်စဉ်သင်္ကြန် ရောက်ရှိချိန်တွင် ပျော်ရွှင်စွာ ရေကစားကြရသဖြင့် ထိုကာလကို မျှော်လင့်တောင့်တကြသည်။ ရေသည်အေးမြခြင်း၊ ကြည်လင်ခြင်းနှင့် အညစ်အကြေးများကို ဆေးကြော သန့်စင်နိုင်ခြင်းစသည့် အမှတ်သင်္ကေတပင်ဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်တွင်ပါမလာစေရန်၊ ပူပြင်းသော နွေရာသီတွင် အေးမြသောအစိုဓာတ် ရရှိစေရန်နှင့် မကောင်းသော ကံကြမ္မာနှင့်  ဘေးအန္တရာယ်များ ကင်းဝေးစေရန် ရည်ရွယ် ပက်ဖျန်းကြခြင်း ဖြစ်သည်။ လူကြီးသူမများသည် သင်္ကြန်ကာလတွင်   တရားရိပ်သာဝင်ခြင်း၊ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း၊ ဘုန်းကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများသို့ သွားရောက် ကုသိုလ်ယူကာ အကျိုးရှိရှိ ကုန်ဆုံးလေ့ရှိကြသည်။

မည်သို့ပင်ဆိုစေ သင်္ကြန်ရေပက်ဖျန်းခြင်းသည် လေးနက်သော အဓိပ္ပာယ်ဆောင်ပြီး ရေလိုအေး၍ပန်းလိုလန်းပါစေဆို သောမေတ္တာဓာတ်ဖြင့် ပက်ဖျန်းကြခြင်း ဖြစ်သည်။

သက်ကြီးစကားသက်ငယ်ကြား

    မြန်မာလူမျိုးအများစုသည် သင်္ကြန်ကာလကို ကောင်းမှုကုသိုလ် အ၀၀ပြုလုပ်ခြင်းဖြင့်သာ ဖြတ်သန်းလေ့ရှိကြသည်။ သက်ကြီးစကား သက်ငယ်ကြားဆိုသလို ကလေးငယ်များကိုလည်း သင်္ကြန်ကာလအတွင်း မကောင်းမှုရှောင် ကောင်းမှုဆောင်နိုင်ရေး အတွက် ပညာပေး စည်းရုံးလေ့ရှိသည်။ သာဓက အနေဖြင့် သင်္ကြန်အကြိုနေ့တွင် သိကြားမင်းလူ့ပြည်သို့ ဆင်းသက်လာပြီး သင်္ကြန်ကာလအတွင်း ကောင်းမှုကုသိုလ် ပြုသူများကို ရွှေပုရပိုက်ဖြင့် လည်းကောင်း၊ မကောင်းမှု အကုသိုလ်ပြုသူများကို ခွေးပုရပိုက်ဖြင့် လည်းကောင်း မှတ်တမ်းတင်ပြီး သင်္ကြန်အတက်နေ့တွင် နတ်ပြည်သို့ပြန်သွားသည်ဟု ပြောဆိုခြင်းမျိုး ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ  စာရေးသူတို့ ငယ်စဉ်က ထိုစကားကို ယုံကြည်သက်ဝင်ခဲ့၍ သင်္ကြန်ကာလအတွင်း   မကောင်းမှုအကုသိုလ်များကို ရှောင်ကြဉ်နိုင်ခဲ့သည်။ ထို့ကြောင့် မိဘ၊ ဘိုးဘွားများကို  ယနေ့အထိ  ကျေးဇူးတင်နေရဆဲပင် ဖြစ်သည်။

စစ်မှန်သောပြောင်းလဲမှုကိုပိုင်ဆိုင်

    သင်္ကြန်ပွဲတော်၏ပြယုဂ်သည် လူငယ်များအတွက် ရေပက်ကစားခြင်းနှင့် လူကြီးများအတွက် ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းပင်ဖြစ်သည်။  ရေသည်လူ၏ ခန္ဓာကိုယ်ပေါ်ရှိ ပြင်ပအညစ်အကြေးများကိုသာ ဆေးကြောနိုင်မည်ဖြစ်သည်။ အတွင်းစိတ်သန္တာန်တွင် ဖြစ်ပေါ်နေသော အကုသိုလ်ကိုမူ သီလစောင့်ထိန်းခြင်းဖြင့်သာ  သန့်စင်ဆေးကြော ပေးနိုင်မည်ဖြစ်သည်။ သင်္ကြန်ပွဲတော်တွင် မပါမဖြစ်သော အရာသည် ရွှေဝါရောင် ပိတောက်ပန်းဖြစ်သည်။ မဏ္ဍပ်များတွင် ပိတောက်ပန်းပါမှသာ ပြည့်စုံပေသည်။ ထို့ပြင် သင်္ကြန်ယိမ်းအက လှပျိုဖြူများတွင်လည်း ပိတောက်ပန်းဆင်မြန်းထားမှသာလျှင် ပိုမိုလှပ ကြော့ရှင်းလာသည်။

အမှန်စင်စစ်မှာမူ သင်္ကြန်ပွဲတော်သည် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသည့် အခါသမယဖြစ်သည်။ စာရေးသူတို့သည် သင်္ကြန်ရေပက်ဖျန်းရုံမျှဖြင့် အညစ်အကြေးများ ကင်းစင်သွားမည်ဟု ယူဆနေခြင်း ဖြစ်သည်။ စစ်မှန်သော ပြောင်းလဲမှုကိုပြုလုပ်သွားရန်လိုအပ်သည်။  ထိုသို့ပြောင်းလဲမှုကို ဖော်ဆောင်ရန် အတွက် လူ့အဖွဲ့အစည်းအတွင်း လောဘစိတ်ကို တဖြည်းဖြည်းလျှော့ချကာ သူတစ်ပါးကို ကူညီပေးကမ်းလိုသော ဒါနစိတ်  မွေးမြူသွားရန် လိုအပ်သည်။

ထို့ပြင် ဒေါသစိတ်ကိုလည်း လျှော့ချကာ သတ္တဝါအချင်းချင်း မေတ္တာထားကာ ဆက်ဆံသွားသင့်သည်။  နောက်ဆုံးအချက်သည် မသိမှုအဝိဇ္ဇာကို ကျော်လွန်နိုင်သည့် ဉာဏ်ပညာကို ရှာဖွေသွားနိုင်မှသာလျှင် စစ်မှန်သော ပြောင်းလဲမှုကို လက်ဝယ် ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။

မဟာသင်္ကြန်ကာလတွင် ပြည်သူအားလုံး သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ မဟာသင်္ကြန်ကာလတွင် အစိုးရရုံး၊ဌာနများ အားလုံးကို ရက်ရှည်ရုံးပိတ် ပေးထားသည်။  နိုင်ငံ့ ဝန်ထမ်းအားလုံး နှစ်ဟောင်းတွင် တာဝန်ထမ်းဆောင်ခဲ့မှုများအား အပန်းဖြေနိုင်ရန်နှင့် နှစ်သစ်အတွက် စိတ်ခွန်အားသစ်များ မွေးနိုင်ရန် နိုင်ငံတော်အစိုးရက ခွင့်ရက်ရှည်ပေးထားခြင်းဖြစ်သည်။ ထိုကာလတွင် ဝန်ထမ်းများသည် ဘုရားဖူးထွက်ခြင်း၊ ဒုလ္လာဘ ရဟန်းဝတ်ခြင်း၊ သီလရှင်ဝတ်ခြင်း၊ တရားရိပ်သာဝင်ခြင်း၊ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း   စသည့် ကောင်းမှုကုသိုလ်အစုစုကို  ပြုလုပ်နိုင်ပေသည်။

သင်္ကြန်ကာလအတွင်း   ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သည့်ဝန်ထမ်းများသည် နှစ်သစ်တွင် နိုင်ငံ့တာဝန်များကို   အင်ပြည့်အားပြည့် ထမ်းဆောင်နိုင်စွမ်း ရှိပေသည်။ 

ဆိုရလျှင် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်သည် မြန်မာလူမျိုးတို့အတွက် အရေးပါသော ပွဲတော်တစ်ခုဖြစ်သည်။  သင်္ကြန်ကာလအတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ကြသဖြင့် မကောင်းမှုအကုသိုလ်များ ကင်းစင်သွားမည်ဖြစ်သည်။ ထို့ပြင် ပူပြင်းလှသော နွေရာသီတွင် အတာရေအေးဖြင့် ပက်ဖျန်းလိုက်ရုံမျှဖြင့် ရင်ထဲတွင်အေးမြသွားစေသည်။ နှစ်ဆန်းတစ်ရက်နေ့သည် မြန်မာနှစ်ဟောင်းမှ နှစ်သစ်သို့  ကူးပြောင်းသောနေ့ ဖြစ်သဖြင့် မြန်မာတို့အတွက် အရေးပါသော မင်္ဂလာနေ့တစ်နေ့လည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသူ၊  နိုင်ငံသားအားလုံး မကောင်းမှုရှောင် ကောင်းမှုဆောင်ကာ စိတ်ကိုဖြူစင်အောင် ထားရှိခြင်းအားဖြင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအတွင်း သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။  ။

မောင်သောင်းဝင်း(တမန်ဟောင်း)