ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး(၂/၂၀၂၄) ကျင်းပ

 

ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး(၂/၂၀၂၄) ကျင်းပ

 

နေပြည်တော်  ဧပြီ ၁၀

    ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်   ကျန်းမာရေးစောင့် ရှောက်မှုများကို နိုင်ငံတော်မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အားဖြည့် ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ  တည်ထောင်ဖွင့်လှစ်နိုင်ရေး ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် စဉ်ဆက်မပြတ် ထိန်းကျောင်း ကြပ်မတ်လျက်ရှိပါကြောင်း၊ လိုင်စင်စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊   ပုဂ္ဂလိကကဏ္ဍတွင် ဝန်ဆောင်မှုပေးနေသော   ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူများ သက်တမ်းရှိ သတ်မှတ်လိုင်စင် ရှိစေရေး၊ တည်ဆဲဥပဒေများနှင့် ငြိစွန်းထားသူများ မဖြစ်စေရေးတို့အတွက် မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီနှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီများနှင့် ချိတ်ဆက်စိစစ်လျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်များ မှန်ကန်စွာ အသုံးချနိုင်ရေးအတွက်  မူဝါဒများ ချမှတ်ပေးလျက်ရှိပါကြောင်း။   

လိုအပ်သော အထူးကုသမှုများအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်မှလည်း ပူးပေါင်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မရှိမဖြစ်ဆေးဝါးများ    ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး၊ ဆေးဝါးများ ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက် လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကဆေးရုံ ၂၈၇ ခု၊ သားဖွားခန်း ၄၁ ခု၊ အထူးဓာတ်ခွဲ ၇၅ ခု၊ အထူးဓာတ်မှန် ၁၈ ခု၊   သူနာပြုစုရေး ဂေဟာလေးခု၊ နယ်လှည့်ကျန်းမာရေး လုပ်ငန်းရှစ်ခု၊ ကျန်းမာရေး အကျိုးဆောင်လုပ်ငန်း ၁၉ ခု၊ အထွေထွေ ကျန်းမာရေးလုပ်ငန်း ၁၉ ခု ခွင့်ပြုပေးခဲ့ပြီး မြေပြင်တွင် လုပ်ငန်းလိုင်စင်မရှိသော လုပ်ငန်းများ လိုင်စင်လျှောက်ထားစေရေး အတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လိုင်စင်စည်းကမ်းများကို လိုက်နာမှုမရှိ၍ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူထားသော လုပ်ငန်းပေါင်း ၃၁ ခု၊   အမှုရေးဖွင့်သော လုပ်ငန်းပေါင်း ခြောက်ခုရှိကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရေးအတွက် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဝင်များအနေဖြင့်  ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ကောင်းမွန်သော အကြံပြုချက်များ ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက်   ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ  တိုးတက်ဖြစ်ထွန်းမှုနှင့် အထူးကိစ္စရပ်များကို လည်းကောင်း၊ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာမိုးခိုင်က ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းလိုင်စင်(အသစ်) လျှောက်ထားလာသည့် ကိစ္စရပ်များကို လည်းကောင်း တင်ပြကြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး   ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။