ဆင်ခြံကျေးရွာအုပ်စု မွတ်သားကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးပေး

 

ဆင်ခြံကျေးရွာအုပ်စု မွတ်သားကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးပေး

 

    ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ   ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးများ ရရှိစေရန် ဆင်ခြံကျေးရွာအုပ်စု မွတ်သားကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ  ပဉ္စမအကြိမ် ထုတ်ချေးခြင်းကို ဧပြီလ ၉ ရက်က ထုတ်ချေးပေးသည်။

ရှေးဦးစွာ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာရွှေက မွတ်သားကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း   အသင်းသား၊  အသင်းသူများ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းအကြောင်းအရာများ၊ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍   စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို   ရှင်းလင်းပြောကြားကာ မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေး  လုပ်ငန်းကော်မတီထံ ရန်ပုံငွေ ငွေကျပ် ၃၇၃ သိန်းကို လွှဲပြောင်း ပေးအပ်သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေး   လုပ်ငန်းကော်မတီဝင်များက မွတ်သားကျေးရွာရှိ  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ  ၃၈  ဦး၊  မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၅၁ ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ  ၁၆  ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူငါးဦး စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၁၀ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ငွေကျပ် ၃၇၃ သိန်းအား တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။