အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    အောင်သည်  ရှိုက်သံတစ်ချက်နှင့်  စာအုပ်ကို လက်ကမလွှတ်ဘဲ အတင်းဆုပ်ကိုင်လျက် စာအုပ်ကို မျက်နှာရှေ့တွင် ဇွတ်အတင်းကပ်ကာ ထောင်ထားလေသည်။

အောင့်လက်တွေမှာ  တုန်နေကာ  ကိုယ်မှာလှုပ်နေသည်။

“အောင်...အောင်လေး”

“သြော်...အောင် အောင်လေး”

ကိုလတ်ကညည်းကာ အောင့်နားတိုးထိုင်ကာ...

“ဒီမှာအောင်၊ ဘာလို့ ဒီလောက် စိတ်ထိခိုက်နေ ရတာလဲ၊ ဘာဝမ်းနည်းစရာရှိလို့လဲအောင်ရယ်”

သည်တော့ အောင်သည် စာအုပ်နှင့် ကိုလတ်၏ လက်မောင်းကိုရိုက်ကာ...

“ကိုလတ်  မတရားဘူး၊  ကိုလတ်  ကျွန်တော့်ကို အနိုင်ကျင့်တယ်၊ သက်သက်မဲ့ အနိုင်ကျင့်တယ်”

ကလေးပမာ ငိုလေသည်။ ကိုလတ်သည် ခပ်သဲ့ သဲ့ရယ်လျက် အောင့်လက်ကို ဆုပ်ကိုင်လျက်...

“မဟုတ်ပါဘူး အောင်ရဲ့”

“ဘာမဟုတ်ပါဘူးလဲ”

အောင်က ရန်ထောင်လေသည်။

“ကိုယ် အောင့်ကို စကားတွေအများကြီးပဲပြောချင် လို့ တမင်ဖက်လိုက်တာ၊ ကိုယ် အောင့်ကိုချစ်နေတာ ကို အောင်နည်းနည်းမှ မရိပ်မိဘူးလား”

“ဘယ်ရိပ်မိမလဲ ဒါလောက်လည်တာ”

အောင်က ကလေးလိုပြောရင်း မျက်ရည်တွေကျ လာပြန်သည်။

“သြော်...လက်စသတ်တော့   အောင်ဆိုတာ မျက်ရည်ထုတ်လုပ်တဲ့စက်ပဲ”

“သွား”

အောင်သည်  ယောကျ်ားလေးတစ်ယောက်ပမာ ကိုလတ်၏လက်မောင်းကို လက်သီးဖြင့်ထိုးလိုက်သည်။

ကိုလတ်က တသောသောရယ်မောလျက် အောင့် လက်ကို လှမ်းဆွဲကာ အောင့်ကိုယ်လုံးလေးကို ဖက်လိုက်ပြီး အောင့်ပါးပြင်ကို နမ်းလိုက်သည်။

အောင်သည် ကိုလတ်ကို အသာတွန်းကာ ထိုင်နေရာမှ ကပျာကယာ မတ်တတ်ရပ်လိုက်လေသည်။

ကိုလတ်သည်  အောင့်ကို  အသာတကြည်လွှတ်လိုက်ကာ  မျက်နှာကို  တည်တည်ငြိမ်ငြိမ်လှမ်းမော့ ကြည့်လိုက်ပြီး...

“အောင့်စိတ်ကိုတော့ ကိုယ်သိနေတာကြာပြီ”

အောင်သည် မတ်တတ်ရပ်လျက်က ငြိမ်နေကာ မျက်လုံးများက ကြမ်းပြင်ကို စိုက်ကြည့်နေသည်။

ထို့နောက် သူ့ဘာသာသူ ကြားရုံတီးတိုးလေသံ နှင့်...

“ဘယ်...ဘယ်တုံးကလဲ”

စကားပြောရင်း အသံကလည်း  တုန်နေသဖြင့် အောင့်စကားတွေသည် ဗလုံးဗထွေးဖြစ်သွားသဖြင့် ကိုလတ်သည်  နားအာရုံကို  အတော်စိုက်ကာ  နား ထောင်ရလေသည်။

“နယုန်လပြည့်နေ့ညမတိုင်ခင် သုံးလေးလလောက် ကတည်းကဆိုပါတော့ အောင်ရယ်”

အောင်က ဘာမှပြန်မပြော၊ ကျောက်ရုပ်လေးတစ် ရုပ်လို ငြိမ်သက်လျက်ရပ်နေသည်။

ကိုယ်၊ လက်၊ ခြေ နည်းနည်းမှလှုပ်ရှားခြင်းမရှိ၊ အသက်တောင်မှ ရှူပါလေစဟု အောက်မေ့ရသည်။

အခန်း(၂၇)

ကိုလတ်က   အောင့်ကို   ငေးကြည့်နေရာမှပြုံးလျက် ...

“အောင်ဆိုတာ သူ့မျက်လုံးတွေက သူ့ရဲ့အတွင်း စိတ်ကို ဖုံးကွယ်ထားနိုင်တဲ့ မိန်းကလေးမှ မဟုတ်တာ၊    ကိုယ်သိနိုင်တာပေါ့”

“တစ်ခုပါပဲ၊  ကိုယ်မေးချင်တယ်၊  ဘယ်တုံးက ဒီသဘောထားမျိုးဖြစ်ခဲ့သလဲဆိုတာတော့ သေသေ ချာချာသိချင်တယ်၊ အဲဒါဖြေနိုင်မှာပါနော်”

ကိုလတ်သည် တပည့်လေးတစ်ယောက်ယောက် ကို မေးသလို မေးလိုက်လေသည်။

“ချစ်” ဆိုသော အနေခက်စေမည့်စကားလုံးတစ် လုံးမှ မပါသဖြင့် ကိုလတ်ကို ကျေးဇူးတင်ရသေးသည်။

ကိုလတ်က သိပ်ပါးတာ တစ်ဖက်လူစိတ်သက်သာ အောင်  နေတတ်ပြောတတ်တယ်၊    စိတ်ထဲတွေးရင်း...

“ဦးချစ်ဆိုင်မှာ စပြီးစားကြတဲ့နေ့က”

“အဲဒီကတည်းကလား”

ကိုလတ်က ထပ်တလဲလဲကြားချင်လို့လား၊ စကားစ ရှာတာလားမသိ၊ ထပ်ဆင့်မေးလိုက်လေသည်။

အောင်က နှုတ်မှမဖြေ၊ ခေါင်းတစ်ချက်သာ ညိတ်ပြ လိုက်ရင်း မျက်နှာနှင့်နားရွက်တွေမှာ နီမြန်းနေသည်။

“သေချာလို့လား”

“သေချာပါတယ်”

ကိုလတ်၏မျက်နှာက တည်နေတော့ နောက်ပြီး ပြောလိမ့်မည်မထင်။

လွှတ်ခနဲဖြေပြီးမှ  ကိုလတ်က  သူ့ထုံးစံအတိုင်း အောင့်ကို အငိုက်ဖမ်းကာ နောက်လိုက်မှန်း အဖြေ ပေးပြီးမှ ပြန်စဉ်းစားမိသည်။

“ကိုလတ်” ဟု လှမ်းအော်ကာ ရှက်ရှက်နှင့် ရယ်မောရင်း   ကုလားထိုင်ပေါ်  အမှုမဲ့ထိုင်ချလိုက်ရာ အယောင်ယောင်အမှားမှားနှင့် ကုလားထိုင်ပေါ်မထိုင် မိဘဲ ကြမ်းပြင်ပေါ်သို့ နေရာလွဲထိုင်မိလျက် လိမ့်ကျ သွားလေသည်။

ဆက်လက်ဖော်ပြပါမည်။