အမေရိကန်က သိမ်းဆည်းရမိထားသည့် ရိုင်ဖယ်များနှင့် စက်သေနတ်များကို ယူကရိန်းသို့ လွှဲပြောင်း ပေးအပ်လျက်ရှိ

 

အမေရိကန်က သိမ်းဆည်းရမိထားသည့် ရိုင်ဖယ်များနှင့် စက်သေနတ်များကို ယူကရိန်းသို့ လွှဲပြောင်း ပေးအပ်လျက်ရှိ

 

အမေရိကန်အစိုးရသည်   ၎င်းတို့သိမ်းဆည်းရမိထားသည့် ရိုင်ဖယ်များနှင့် စက်သေနတ်များကို ယူကရိန်းသို့   လွှဲပြောင်းပေးအပ်လျက် ရှိကြောင်း  အမေရိကန် ဗဟိုစစ်ဌာနချုပ်က   ကြေညာထားသည်။

အမေရိကန်ပြည်ထောင်စုသည် AK-47 ချေမှုန်းရေးရိုင်ဖယ်များ အပါအဝင် ခဲယမ်းများ၊ ဗုံးပစ်လောင်ချာများနှင့်  စနိုက်ပါသေနတ်များကို ယူကရိန်းသို့ ဧပြီလ ၄ ရက်တွင် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပြီး  ထိုသို့ လွှဲပြောင်း ပေးအပ်လိုက်သည့် လက်နက်ခဲယမ်းများသည် ယူကရိန်း တပ်ရင်းတစ်ရင်းအား လုံလောက်စွာ လက်နက်တပ်ဆင်ပေးနိုင်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ၎င်းတို့၏ တွစ်တာစာမျက်နှာ၌   ဧပြီလ ၉ ရက်တွင် ရေးသား ဖော်ပြထားသည်။

အမေရိကန်က သိမ်းဆည်းရမိခဲ့သည့် လက်နက်များသည် ယီမင်နိုင်ငံရှိ ဟူသီသူပုန်အဖွဲ့ထံသို့ အီရန်နိုင်ငံက ကုလသမဂ္ဂအဖွဲ့၏ တားမြစ်ချက်များကို ချိုးဖောက်၍ ပေးပို့သည့် လက်နက်များဖြစ်ပြီး ယင်းလက်နက်များကို အမေရိကန်ရေတပ်နှင့် မဟာမိတ်တပ်များက ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃  ခုနှစ် ဖေဖော်ဝါရီလအတွင်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အီရန်က  အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင် တပ်ဖွဲ့များအား လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေခြင်းသည်    နိုင်ငံတကာနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဆက်လက် ပြောကြားထားကြောင်း သိရသည်။

အမေရိကန်အစိုးရသည်  ယူကရိန်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ယူကရိန်းနိုင်ငံသို့ ကဏ္ဍစုံ အကူအညီအဖြစ် ဒေါ်လာ ၁၁၃ ဘီလီယံ ထောက်ပံ့ပေးအပ် ထားပြီးဖြစ်ကြောင်း သိရသည်။