ရုရှားနိုင်ငံတွင် ရေကြီးမှုများကြောင့် လူနေအိမ် ၁၃၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ရပြီး လူ ၇၇၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

 

ရုရှားနိုင်ငံတွင် ရေကြီးမှုများကြောင့် လူနေအိမ် ၁၃၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ရပြီး လူ ၇၇၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

 

ရုရှားနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရေကြီးမှုများကြောင့် လူနေအိမ် ၁၃၀၀၀ ကျော်ရေနစ်မြုပ်ခဲ့ရပြီး  ဒေသခံပြည်သူ ၇၇၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသောကြောင့် အခြေအနေမှာ စိုးရိမ်ရကြောင်း  အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ  ဒီမီထရီပက်စကော့က ဧပြီလ ၁၀ ရက်တွင် ပြောသည်။

ရေကြီးမှုဒဏ်ကို   အများဆုံးခံရသည့် ဒေသမှာ  အော်ရန်ဘာ့ဂ်ဒေသဖြစ်ပြီး ယခုအခါ ရေကြီးမှုများသည် ကာဂန်နှင့် ထရူမန်ဒေသများသို့ ပျံ့နှံ့လာပြီဖြစ်ရာ  စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာကြောင်း၊ ရေဘေးသင့်ပြည်သူများအား အစွမ်းကုန်  အကူအညီပေးကြရန် ဒီမီထရီပက်စကော့က ဒေသန္တရ အစိုးရအဖွဲ့များအား တောင်းဆိုထားသည်။

ကာဂန်ဒေသတွင် ရေကြီးမှုကြောင့် ဒေသခံပြည်သူ ၄၅၀၀ ကျော်ကို အာဏာပိုင်အဖွဲ့က  ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းပေးထားကြောင်း အုပ်ချုပ်ရေးမှူး ဗာဒင်ရွှမ်ကော့ဗ်က ပြောသည်။ ထို့ပြင်  ဒေသတွင်းရှိ တိုဘိုမြစ်ရေသည်  ၉ မီတာမှ  ၁၁ မီတာ အထိ မြင့်တက်လာနိုင်ကြောင်းနှင့် အဆိုးရွားဆုံး ရေကြီးမှု ကာလသည် ဧပြီလ ၁၁ ရက်မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ၊ ဗိုလ်ဂါဒေသနှင့် အလယ်ပိုင်းခရိုင်များတွင် နေ့စဉ်မြင့်တက်လာသည့် အပူချိန်ကြောင့် ဆီးနှင်းများ အရည်ပျော်ခြင်း၊   မြစ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့ကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လေ့ ရှိကြောင်း သိရသည်။