မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

 

မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်၊ ၂၀၂၄ ဧပြီ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ရှိ အေးစေတီကျောင်းတိုက်ဝင်း အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုရောဂါ၊ အရိုးအကြော ရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍  သံဃာတော် ၄၀ ပါးတို့အား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECGစက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး  အေးစေတီကျောင်းတိုက်ဆရာတော် အမှူးပြုသော သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။