ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပထမအကြိမ် စုပေါင်းရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပထမအကြိမ် စုပေါင်းရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

 

နေပြည်တော် ဧပြီ ၁၁

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပထမအကြိမ် စုပေါင်းရဟန်းခံ၊ သီလရှင်ဝတ်  အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရတနာစံပရိယတ္တိ စာသင်တိုက်တွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊  ကော်မရှင်အဖွဲ့ဝင်များ၊   အမြဲတမ်းအတွင်းဝန် ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဥပဇ္ဈာယ်ဆရာတော်မှ ရဟန်းလောင်းများအား သိမ်ဝင်၍ ရဟန်းအဖြစ် သွတ်သွင်းချီးမြှင့်ပြီး သိမ်ဆင်းဆရာတော်နှင့် သံဃာတော်တို့အား တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများဖြင့် သိမ်ဆင်းလောင်းလှူကြသည်။

ထို့နောက် နေပြည်တော် ဇေယျာသီရိမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ရတနာစံ ပရိယတ္တိစာသင်တိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ    ဘဒ္ဒန္တဝိစိတ္တသာရ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး   ဆရာတော်၊  သံဃာတော်များ  ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်သော   ပရိတ်တရားတော်ကို     နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး  အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး တက်ရောက်လာကြသူများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးသည်။ ယနေ့ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပထမအကြိမ် စုပေါင်းရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားတွင် ရဟန်းကိုးပါး၊ သီလရှင်သုံးပါး၊ စုစုပေါင်း ၁၂ ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့ကြောင်း   သိရသည်။