ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ မတ်လအတွင်း ခရီးသွားဧည့်သည် ၃၈၉၅၅ ဦးအထိ လာရောက်လည်ပတ်ခဲ့

 

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ မတ်လအတွင်း ခရီးသွားဧည့်သည် ၃၈၉၅၅ ဦးအထိ လာရောက်လည်ပတ်ခဲ့

ဟိုင်းကြီးကျွန်း  ဧပြီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ  ငွေတောင်ကမ်းခြေသို့  မတ်လအတွင်း ခရီးသွားဧည့်သည် ၃၈၉၅၅ ဦးအထိ လာရောက် လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ်  ခရီးသွားလုပ်ငန်း အသင်းတာဝန်ခံ  ဒေါ်နီနီမာ၏ပြောပြချက်အရ သိရသည်။

ငွေတောင်ကမ်းခြေသို့   ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ခရီးသွားဧည့်သည်  ၃၆၅၅၅  ဦးအထိ လာရောက်လည်ပတ်ခဲ့ပြီး မတ်လ ၁ ရက်မှ ၃၁ ရက်အထိ ခရီးသွားဧည့်သည်   ၃၈၉၅၅ ဦးအထိ လာရောက်လည်ပတ်ခဲ့သည်။

ငွေတောင်ကမ်းခြေက မြတ်မော်တင်စွန်းစေတီအနီးမှာ  ရှိပါတယ်။   ပြီးခဲ့တဲ့မတ်လက ဘုရားပွဲကာလဖြစ်တာကြောင့် ဘုရားဖူးလာရင်း အပန်းဖြေတဲ့သူတွေများခဲ့ပါတယ်။ မတ်လအတွင်း  ခရီးသွားဧည့်သည် ၄၀၀၀၀ နီးပါးအထိ လာရောက်လည်ပတ်ခဲ့ပါတယ်။     ကမ်းခြေကို  လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကတော့   ဒေသတွင်းခရီးသွားတွေအပြင် ရန်ကုန်နဲ့   နေပြည်တော်ဘက်ကလာတဲ့   ခရီးသွားတွေလည်း ရှိခဲ့ပါတယ်။ သင်္ကြန်ပိတ်ရက်မှာ အခုထက် ခရီးသွားဧည့်သည်တွေ ပိုပြီးများလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်ဟု ဒေါ်နီနီမာက ပြောသည်။

ငွေတောင်ကမ်းခြေကို မတ်လအတွင်း လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များသည် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း၊ အဆိုပါ ကမ်းခြေသို့  လာရောက်အပန်းဖြေသည့် ခရီးသွား ဧည့်သည်များ သွားလာမှု အဆင်ပြေစေရန်၊ ကမ်းခြေသန့်ရှင်းမှုရှိစေရန်၊ ခရီးသွားများ စိတ်အေးချမ်းသာစွာ  အနားယူနိုင်စေရန် လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေး စသည့် လုပ်ငန်းများကို ခရီးသွားလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်  ဒေသခံများ ပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

               သုတကျော်