အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်  ဧပြီ  ၁၁

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ  စွမ်းရည်ဖွံ့ဖြိုး ရေးဒီဂရီကောလိပ် (ရန်ကုန်)နှင့်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ    အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၌ ကျင်းပရာ  အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ  စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းနှင့်    တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား/ကျောင်းသူ ၄၈၆ ဦးတက်ရောက်သည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်က ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ပြည်သူများထံမှ တံစိုးလက်ဆောင်ရယူခြင်း အပါအဝင် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့်   ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်း၊ မလျော်သြဇာ သုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိ မိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒကျင့်သုံးခြင်း၊ မိမိနှင့်နီးစပ်သူများ ကောင်းစားရေးအတွက် ဆောင်ရွက်ခြင်းတို့သည် အဂတိလိုက်စား မှုမြောက်သည့် အပြုအမူများ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပြဿနာသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် Global Issue ဖြစ်ပြီး  နည်းလမ်းအမျိုးမျိုးနှင့်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း။   

အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ဘဏ္ဍာနှင့်အရင်းအမြစ်များကို  အများပြည်သူအကျိုးရှိစေမည့် လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်ခြင်းမရှိဘဲ ကိုယ်ကျိုးစီးပွားအတွက်   သုံးစွဲခြင်းကြောင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးမှုများ ဖြစ်လာသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်တွင် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရန်၊ အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်ဟု ပြဋ္ဌာန်းထားသည့်အတွက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာတွင် အဓိကမောင်းနှင်အားဖြစ်သော နိုင်ငံ့ဝန်ထမ်းများက အများပြည်သူဝန်ဆောင်မှုပေးရာ၌  ဖြောင့်မတ်တည်ကြည်မှုရှိစွာ၊ ဘက်လိုက်ခြင်းကင်းစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဝန်ဆောင်မှုပေးကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ဘဝတစ်သက်တာ အကျိုးရှိစေမည့် ရှင်းလင်းဆွေးနွေးချက်များကို သိရှိမှတ်သားကြ၍  မိမိတို့ပတ်ဝန်းကျင်လူမှုအသိုက် အဝန်းတွင်  ပြန်လည်မျှဝေပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊  အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊  အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနန္ဒာစိုးက     အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ဖြောင့်မတ်တည်ကြည်မှုနှင့်   ကျင့်ဝတ်စံနှုန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။