ဒေသတွင်း ထုတ်လုပ်ဖြန့်ချိရောင်းချနေသည့် ရွှေဥသြထားဝယ်ရိုးရာလုံချည်

 

ဒေသတွင်း ထုတ်လုပ်ဖြန့်ချိရောင်းချနေသည့် ရွှေဥသြထားဝယ်ရိုးရာလုံချည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးကဏ္ဍ၌ပါဝင်သော တိုးတက် ကောင်းမွန်လာသည့်  စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍  MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် အချက်နှင့်အညီ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ မှတ်ပုံတင်ထားသည့် အသေးစား စက်မှုလက်မှုလုပ်ငန်း ၅၀၈ ခုရှိပြီး ယင်းလုပ်ငန်းများအနက်မှ ထားဝယ်မြို့ရှိ  ရွှေဥသြထားဝယ်ရိုးရာ လုံချည်ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းဆောင်ရွက်မှုကို  လုပ်ငန်းရှင် ဦးနေမင်းနှင့်  တွေ့ဆုံမေးမြန်းမှုအား ဖော်ပြလိုက်ရပါသည်-

မေး။ ။ လုပ်ငန်းရှင်အမည်နဲ့ ထားဝယ်ရိုးရာလုံချည်ဝတ်ဆင်ခဲ့တဲ့  ယဉ်ကျေးမှု သမိုင်းကြောင်းကို  ရှင်းပြပေးပါ။

ဖြေ။ ။ ကျွန်တော်ကတော့ ရွှေဥသြအထည်စက်ရုံလုပ်ငန်းရှင် ဦးနေမင်း ဖြစ်ပါတယ်။ ထားဝယ်ရိုးရာ   ဝတ်စားဆင်ယင်မှု သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုရင် အေဒီ ၇၅၁ ခန့်ကတည်းကထားဝယ်သူ၊ ထားဝယ်သားတွေဟာ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားစွာနဲ့ အဝတ်အထည်များ ရက်လုပ်ဝတ်ဆင် လျက်ရှိနေပြီ ဖြစ်တာကိုသိရပါတယ်။    အင်းဝခေတ်မင်းကြီးစွာစော်ကဲလက်ထက်မှာ ထားဝယ်ရိုးရာ ပိုးလုံချည်များ ရက်လုပ်ဝတ်ဆင်နေပြီဖြစ်ကြောင်းကို သမိုင်းအထောက်အထား တွေမှာအခိုင်အမာ ဖော်ပြထားပါတယ်။

ထားဝယ်ဒေသရဲ့ ရတနာလေးမျိုးထဲမှာ တစ်မျိုးပါဝင်ပြီး ရတနာတန်းဝင်ပစ္စည်းဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်  နောက်ပိုင်းကာလတွေမှာ ထားဝယ်ပိုးလုံချည်ရက်လုပ်မှုများ ရပ်တန့်သွားပြီး ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း မှာ ထားဝယ်ရိုးရာ   ချည်လုံချည်များ ရက်လုပ်ထွန်းကားခဲ့ပါတယ်။

မေး။ ။ ရွှေဥသြအထည်စက်ရုံတည်နေရာနဲ့  လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို သိပါရစေ။

ဖြေ။ ။ ရွှေဥသြအထည်စက်ရုံတည်နေရာကတော့   ထားဝယ်မြို့နယ်   ရှင်မုတ္ထီးကျေးရွာမှာရှိပါတယ်။  စက်ရက်ကန်းစင်  ရှစ်စင်ကို အလုပ်သမား ၁၆ ဦးနဲ့လည်ပတ် ဆောင်ရွက်နေပါတယ်။ ရက်သတ္တပတ်လျှင် ခြောက်ရက် လုပ်ကိုင်ကြပြီး တနင်္ဂနွေနေ့တိုင်းနဲ့    အစိုးရရုံးပိတ်ရက်တွေကို   အလုပ်နားရက် သတ်မှတ်ပေးပါတယ်။

မေး။ ။ ကုန်ကြမ်းရရှိမှုနဲ့ သုံးစွဲမှုအခြေအနေတွေကိုလည်း ရှင်းပြပေးပါ။

ဖြေ။ ။ ကုန်ကြမ်းချည်တွေကိုတော့ မန္တလေးမြို့ကနေ အဓိကမှာယူပါတယ်။ အမျိုးအစားအနေနဲ့   (၂/၈၀)ချည်နဲ့   ABC အမှတ်တံဆိပ် ယုန်ဟာလီချည်တို့ပဲဖြစ်ပါတယ်။ အတိုင်နဲ့အဖောက်အတွက်နေ့စဉ် ချည် ၂၀ ပေါင်ခန့် သုံးစွဲရပါတယ်။

မေး။ ။ ကုန်ချောထွက်ရှိမှုနဲ့ ဖြန့်ချိရောင်းချနေတဲ့ ဈေးကွက်အခြေအနေကို သိပါရစေ။

ဖြေ။ ။ အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ထားဝယ်လုံချည်တွေကို တစ်ရက်အထည် ၄၀ ခန့် ထုတ်လုပ်ပြီး ဒေသတွင်းနဲ့ရန်ကုန်မြို့ရှိ MSME Product Showroom မှာ ဖြန့်ချိရောင်းချနေပါတယ်။

ဒါ့အပြင် ပြည်ပဈေးကွက်အနေနဲ့ ထိုင်းနိုင်ငံဘာသာရေးပွဲတော်တွေ၊ ရိုးရာပွဲတွေမှာ တူညီဝတ်စုံအနေနဲ့သုံးစွဲဖို့   မှာယူကြတာတွေလည်း ရှိပါတယ်။

မေး။ ။ ရောင်းအားမြှင့်တင်ဆောင်ရွက်ခဲ့ပုံကိုလည်းရှင်းပြပေးပါဦး။

ဖြေ။ ။ အရည်အသွေးကောင်းမွန်ပြီး ဒီဇိုင်းလှပစွာနဲ့ ရိုးရာမပျက်ထုတ်လုပ်ပါတယ်။ နိုင်ငံတော်အဆင့်နဲ့   ဒေသ

အတွင်း အရောင်းပြပွဲတွေမှာလည်း ပါဝင်ပြသပါတယ်။

မေး။ ။ ဝတ်ဆင်သူများ အကြိုက်တွေ့စေပြီး ဈေးနှုန်းချိုသာစွာဝယ်ယူ ဆင်မြန်းနိုင်မှုနဲ့  ပတ်သက်ပြီး ရှင်းပြပေးပါဦး။

ဖြေ။ ။ မြန်မာ့ရာသီဥတုနဲ့ကိုက်ညီအောင် ချည်သားစစ်စစ်နဲ့   ထုတ်လုပ်ထားပြီး ဈေးနှုန်းချိုသာစွာ ရောင်းချပေးတာဖြစ်လို့ လူတန်းစားမရွေး အားပေးဆင်မြန်းကြပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုတန်ဖိုးမြင့်မားတဲ့ ရိုးရာလုံချည်ဖြစ်ပြီး ဝတ်ဆင်သူများ ဂုဏ်ယူစွာ ဝတ်ဆင်နိုင်ပါတယ်။ အခမ်းအနားပွဲတက်ရန်    တင့်တယ်စွာ ဝတ်ဆင်နိုင်ပါတယ်။

မေး။ ။ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရတာတွေရှိရင် သိပါရစေ။

ဖြေ။ ။ လက်ရှိလည်ပတ်နေတာကတော့ စက်ရက်ကန်းစင်ရှစ်စင်နဲ့ ရက်လုပ်နေတာဖြစ်ပြီး ကျွမ်းကျင်သူ အလုပ်သမားတိုးလာတဲ့အပေါ် မူတည်ပြီး စက်ရက်ကန်းစင်နှစ်စင်နဲ့ လက်ရက်ကန်းစင်နှစ်စင် ထပ်မံတိုးချဲ့ နေပါတယ်။ လက်ရက်ကန်းကိုတော့ ပိုးထည်လုံချည်များရက်ခတ်ဖို့ ရည်ရွယ်ပြီး  လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရိုးရာကိုထိန်းသိမ်းပြီး ခေတ်နဲ့လျော်ညီတဲ့ အဆင်တွေ ထုတ်လုပ်နိုင်ဖို့အတွက် အခုအချိန်မှာတော့ ထုတ်ကုန်အသစ်အဆန်းနဲ့ ပတ်သက်ပြီး ပွဲထိုင်အဆင့် ရိုးရာပိုးထည်ဒီဇိုင်းတွေ ထုတ်လုပ်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။

မေး။ ။ လုပ်ငန်းအတွက် ပံ့ပိုးကူညီမှုတွေရှိရင်လည်း သိချင်ပါတယ်။

ဖြေ။ ။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီပံ့ပိုးမှုတွေရှိပါတယ်။  အခက်အခဲတွေနဲ့ပတ်သက်ပြီး တင်ပြရင်လည်း ဖြေရှင်းဆောင်ရွက်ပေးပါတယ်။  တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ကျွမ်းကျင်လုပ်သားဖြည့်တင်းရေးတွေ ပံ့ပိုးကူညီပေးပါတယ်။ ဒါ့အပြင် ဈေးကွက်ပိုမိုရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးတာတွေလည်း ကူညီဆောင်ရွက်ပေးပါတယ်။

မေး။ ။ အလုပ်သမားတွေ ခန့်ထားရတဲ့အတွက် ဒေသခံတွေရဲ့  အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

ဖြေ။ ။ အလုပ်အကိုင်အခွင့်အလမ်းကတော့ လုပ်ငန်းတိုးချဲ့မှုအပေါ်မူတည်ပြီး တိုးတက်ရရှိလာမှာ ဖြစ်တာကြောင့် စိတ်ပါဝင်စားစွာ ရေရှည်လုပ်ကိုင်သွားရင် ကျွမ်းကျင်လာတာနဲ့အမျှ ကိုယ်ပိုင်လုပ်ကိုင် ထူထောင်သွားနိုင်တဲ့  တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်အဖြစ် ရပ်တည်နိုင်တဲ့အထိ မျှော်မှန်းလုပ်ကိုင်နိုင်ပါတယ်။

မေး။ ။ ရွှေဥသြအထည်စက်ရုံအနေနဲ့ အဓိကထားထုတ်လုပ်တဲ့ အထည်အမျိုးအစား ဘယ်လောက် ထုတ်လုပ်ရောင်းချနေတယ် ဆိုတာကိုလည်း သိပါရစေ။

ဖြေ။ ။ ထားဝယ်ရိုးရာအဆင်ဒီဇိုင်းအမျိုးမျိုးကို  အမျိုးသားဝတ်၊  အမျိုးသမီးဝတ်လုံချည်တွေအဖြစ် ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။

မေး။ ။ လုပ်ငန်းတိုးချဲ့ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ ။ လုပ်ငန်းတိုးချဲ့ဖို့အတွက် စက်ပစ္စည်းတွေဝယ်ယူဖို့နဲ့ ကုန်ကြမ်းပစ္စည်းတွေဝယ်ဖို့အတွက် အရင်းအနှီး လိုအပ်ပါတယ်။ အရင်းအနှီးငွေရရှိမယ်ဆိုရင် လုပ်ငန်းတွေပိုမိုတိုးချဲ့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ MSME လုပ်ငန်းတွေကို အလေးထား ဆောင်ရွက်ပေးနေမှုအပေါ် သဘောထားအမြင်တွေ ပြောပြပေးပါ။

ဖြေ။ ။ MSME လုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်ပေးနေမှုတွေအပေါ် တစ်ပိုင်တစ်နိုင် လုပ်ငန်းအသစ်တွေ ထူထောင်ဆောင်ရွက်မယ့် လုပ်ငန်းရှင်တွေ  ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ငန်းမှတ်ပုံတင်ဖို့၊ MSME အသင်းဝင်ဖြစ်အောင် ဆောင်ရွက်ကြဖို့နဲ့ လုပ်ငန်းတူသူအချင်းချင်း ပူးပေါင်းဆောင်ရွက်ရင် MSME လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ကဏ္ဍလည်းလျင်မြန်စွာ အကောင်အထည်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။   ။

ကျော်ကျော်လတ်(ပြန်/ဆက်)