ရန်ကုန်-မော်လမြိုင် အစုန်၊ အဆန် ရထားနှစ်စင်း ပြေးဆွဲခြင်းကို ယာယီရပ်နားထား လက်မှတ်ခငွေများကို ပြန်အမ်းပေးနေပြီး လမ်းအမြန်ဆုံးပွင့်စေရန် ဆောင်ရွက်လျက်ရှိ

 

ရန်ကုန်-မော်လမြိုင် အစုန်၊ အဆန် ရထားနှစ်စင်း ပြေးဆွဲခြင်းကို ယာယီရပ်နားထား လက်မှတ်ခငွေများကို ပြန်အမ်းပေးနေပြီး လမ်းအမြန်ဆုံးပွင့်စေရန် ဆောင်ရွက်လျက်ရှိ

 

ရန်ကုန် ဧပြီ ၁၁

ရန်ကုန်-မော်လမြိုင် အစုန်၊ အဆန် ရထားနှစ်စင်း ပြေးဆွဲခြင်းကို   ယာယီရပ်နားထားပြီး     လက်မှတ်ခငွေများကို ပြန်အမ်းပေးနေကြောင်း   မော်လမြိုင်ဘူတာကြီးမှ   တာဝန်ရှိသူတစ်ဦးက ပြောသည်။

မော်လမြိုင်-ရန်ကုန်ရထား လမ်းပိုင်းတွင် အကြမ်းဖက် သောင်းကျန်းသူများ၏ လက်ချက်ကြောင့် အမှတ် ၆၈၆ အစုန်ကျောက်ရထားသည့် သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြားတွင် မိုင်းထိကာ လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပြီးနောက် တာဝန်ရှိသူများက လမ်းအမြန်ဆုံးပွင့်စေရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ထို့ကြောင့် ဧပြီလ ၁၁ ရက် မော်လမြိုင် ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန်မော်လမြိုင်-ရန်ကုန် ရထားနှင့် သင်္ကြန်အစုန်အထူး မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်နှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့်အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင်ရထားနှင့် သင်္ကြန်အဆန်အထူး ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များအား  ယာယီဖျက်သိမ်းမည်ဖြစ်ကြောင်း အဆိုပါဘူတာကြီးမှ သိရသည်။

ဧပြီလ ၁၁ ရက်အတွက် ဝယ်ယူထားသော အထက်တန်း/ရိုးရိုးတန်း လက်မှတ်ခငွေများအား မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် နံနက် ၆ နာရီမှ စ၍နံနက်ပိုင်း ၁၀နာရီအထိ ပြန်အမ်းငွေပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

“ခရီးစဉ်ဖျက်သိမ်းတဲ့ လက်မှတ်ခငွေတွေကို ဒီနေ့ဖျက်သိမ်းရင် ဒီနေ့ပြန်အမ်းတယ်။ မနက်ဖြန်ဖျက်သိမ်းတယ်ဆိုရင် မနက်ဖြန် ပြန်အမ်းတယ်။ ဘယ်နေ့အထိ ဖျက်သိမ်းမယ်ဆိုတဲ့ ရက်အတိအကျတော့ မရှိဘူး။ ရထားလမ်းပြင်ပြီး ပြန်ကောင်းသွားရင် ပြန်ကောင်းသွားတဲ့နေ့ ထွက်ပါမယ်”ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

ပိတ်ဆို့နေသော လမ်းပိုင်းအား မြန်မာ့မီးရထား တာဝန်ရှိသူများမှ လမ်းပိုင်းအမြန်ဆုံး ပြန်လည်ဖွင့်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရထားပြန်လည် ပြေးဆွဲနိုင်မည့် ရက်အား အချိန်နှင့်တစ်ပြေးညီ ပြန်လည်တင်ပြ သွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ   အသိပေး ကြေညာထားသည်။