ပဲခူးမြို့၌ စတုတ္ထအကြိမ်မြောက် သောတာပန်ဆီ အလှူတော်မင်္ဂလာအခမ်းအနားတွင် ဆီပိဿာချိန်ပေါင်း ၉၁၇၄ ပိဿာလှူဒါန်းခဲ့

 

ပဲခူးမြို့၌ စတုတ္ထအကြိမ်မြောက် သောတာပန်ဆီ အလှူတော်မင်္ဂလာအခမ်းအနားတွင် ဆီပိဿာချိန်ပေါင်း ၉၁၇၄ ပိဿာလှူဒါန်းခဲ့

ပဲခူး  ဧပြီ  ၁၁

ပဲခူးမြို့  ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့နံနက်ပိုင်းက   စတုတ္ထအကြိမ်မြောက် သောတာပန်ဆီ အလှူတော် မင်္ဂလာအခမ်းအနားကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ကြည်ညိုခဲ့သည်။

ရှေးဦးစွာ    စတုတ္ထအကြိမ်မြောက် သောတာပန်ဆီအလှူတော် မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍   အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဥဿာသီရိ စာသင်တိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယအရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ကြွရောက်တော်မူလာကြသည့်     ဆရာတော်အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းက သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ   သြဝါဒကထာ နာယူခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက ကြွရောက်လာသည့်   ဆရာတော် အရှင်သူမြတ်များထံ သင်္ကန်း၊  ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

၎င်းနောက် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အရှင်ဆေကိန္ဒထံမှ အနုမောဒနာ တရားနာယူခဲ့ကြပြီး    လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု  သုံးကြိမ်ရွတ်ဆိုဆုတောင်း၍     စတုတ္ထအကြိမ်မြောက် သောတာပန်ဆီ အလှူတော် မင်္ဂလာအခမ်း အနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြွရောက်လာသည့် ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။   

စတုတ္ထအကြိမ်မြောက်   သောတာပန် ဆီအလှူတော် မင်္ဂလာအခမ်းအနားတွင် ပဲခူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၃၀၄ ကျောင်းမှ သံဃာတော် ၇၂၇၃ ပါး၊ သီလရှင်ကျောင်းတိုက် ၅၇ ကျောင်းမှ   သီလရှင် ၁၉၀၁ ပါးတို့အတွက်  တစ်ပါးလျှင် ဆီ ၁ ပိဿာနှုန်းဖြင့် စုစုပေါင်း ဆီပိဿာချိန်ပေါင်း ၉၁၇၄ ပိဿာအား သက်ဆိုင်ရာကျောင်းတိုက်အသီးသီးသို့ ပို့ဆောင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

၄၀၁၊ တင်စိုး(ပဲခူး)