နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 

နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  ဧပြီ  ၁၁

    နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန  မြေညီထပ်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများကို  ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း တက်ရောက်ပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ် (Certificate of Legal Advocacy-CLA) ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်း အပါအဝင် နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အောင်မြင်ပြီးဆုံးအောင် တက်ရောက်ခဲ့သည့် သင်တန်းသားစုစုပေါင်း ၁၂၄ ဦးအထိရှိပြီဖြစ်ပါကြောင်း။

သင်တန်းတွင် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဦးစီးဌာနများ၏ အကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဘာသာရပ်၊  အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေ ဘာသာရပ်၊ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဘာသာရပ်၊ ဥပဒေမူကြမ်း စိစစ်ရေးဆွဲခြင်း ဘာသာရပ်၊ အထွေထွေဥပဒေ အကြံပေးရေးဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများလက်တွေ့အသုံးချမှုဘာသာရပ်နှင့် တရားမဆိုင်ရာ ဘာသာရပ်များကို  သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များသည် သင်တန်းသားများအတွက် လက်တွေ့အသုံးဝင်သည့် ဘာသာရပ်များဖြစ်ပါကြောင်း။

ပို့ချပေးသည့် ဆရာများကလည်း ဥပဒေရေးရာနယ်ပယ်တွင် အတွေ့အကြုံအကြား အမြင်  ပြည့်ဝသူများဖြစ်ကြသည့်အပြင် သက်ဆိုင်ရာ ဘာသာရပ်များတွင်လည်း ကျွမ်းကျင်ပိုင်နိုင်ကြသည့် ဆရာများဖြစ်ပါကြောင်း၊  ပို့ချသည့်ဆရာများမှာ  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁)  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့်  ဦးကျော်ဆန်း၊  ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးတင်ဟုန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် အဖွဲ့ဝင်ဦးအောင်မြင့်လွင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ  ဒုတိယရဲမှူးကြီးမြင့်စိုး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသည့် ဥပဒေရေးဆွဲရေး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်  ဦးကျော်စိန်၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဥပဒေချုပ်များ၊ ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဥပဒေရေးရာ ကိစ္စရပ်များတွင် လက်တွေ့ဆောင်ရွက်နေကြသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဖြစ်ပါကြောင်း။

ယခုသင်တန်းသည် သင်တန်းသားများအတွက် ဥပဒေအသိပညာ များစွာရရှိကြောင်း၊ ယခုသင်တန်း၏ အခြေအနေ၊ အချက်အလက်များကိုလည်း  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံသို့ အစီရင်ခံ တင်ပြသွားမည် ဖြစ်ပြီး ဥပဒေရေးရာ ဝန်ကြီးဌာနတွင်လည်း မှတ်တမ်းများ ထိန်းသိမ်းထားရှိမည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများသည်  ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေဘာသာရပ်များကို မိမိတို့၏ လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် မိမိဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်တန်းပြီးမြောက်အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် သင်တန်းသား ၂၆ ဦးကို ဥပဒေ အသိပညာပြန့်ပွားရေး သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့် ဦးကျော်ဆန်း၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်နှင့်    ကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေသူများ    တက်ရောက်ကြကြောင်း သိရသည်။