မြေသြဇာကော်မတီ၏ (၄၁)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

 

မြေသြဇာကော်မတီ၏ (၄၁)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

 

နေပြည်တော်  ဧပြီ   ၁၁

    မြေသြဇာကော်မတီ၏ (၄၁)ကြိမ်မြောက် အစည်းအဝေးကို   ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြေသြဇာကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် မြေသြဇာကော်မတီ အဖွဲ့ဝင်များ၊ မြေသြဇာကျွမ်းကျင် ပညာရှင်များ  တက်ရောက် ဆွေးနွေးကြသည်။

 အစည်းအဝေးတွင် မြေသြဇာကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက  ဓာတ်မြေသြဇာ တင်သွင်းရောင်းချခြင်း၊  ထုတ်လုပ်ဖြန့်ဖြူးခြင်း  စသည့်လုပ်ငန်းများကို     တည်ဆဲ ဥပဒေ  စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ဓာတ်မြေသြဇာတင်သွင်း ရောင်းချခြင်း တစ်ခုတည်းကိုသာ ဆောင်ရွက်ခြင်းမဟုတ်ဘဲ မိမိနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ စီးပွားဖက် တောင်သူလယ်သမားများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် သွင်းအားစုများ၏   အရည်အသွေးပြည့်ဝမှန်ကန်ရေးနှင့်   အသိပညာပေးရေးကို အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊မြေသြဇာပိုးသတ်ဆေးမျိုးစေ့   စသည့် သွင်းအားစုဆိုင်ရာ အသင်းအဖွဲ့ တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့တောင်သူများနှင့် အချိတ်အဆက်မိမိ စဉ်ဆက်မပြတ် ထိတွေ့ပြီးတောင်သူလယ်သမား အကျိုးစီးပွားဖြစ်ထွန်းစေရေး    ညှိနှိုင်းပေါင်းစပ် ကူညီမှုပေးရန် လိုအပ်ကြောင်း၊   အလားတူ    နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းနှင့် ဆီထွက်အထူးဇုန်များ၊   ဝါသီးနှံအထူးဇုန်များတွင်လည်း  မိမိတို့ စွမ်းအားရှိသမျှ    ဝိုင်းဝန်းကြိုးပမ်း ပေးကြစေလိုကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို   ဆောင်ရွက်ကြရာတွင်အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူလယ်သမားများကြား   ကွက်လပ်မရှိကြစေရေးကို အထူးဂရုစိုက် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ပြည်ပမှတင်သွင်းရသော  စိုက်ပျိုးရေး ဓာတုဆေးဝါးများကို မှီခိုကာ  စိုက်ပျိုးထုတ်လုပ်နေကြရသော အခြေအနေမှ ကင်းလွတ်အောင်ကြိုးစားရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြေသြဇာကော်မတီ အတွင်းရေးမှူးက  အစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုတင်ပြရာ မြေသြဇာကော်မတီ ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊  မြေသြဇာ   ကျွမ်းကျင်ပညာရှင်များက  အကြောင်းအရာ တစ်ခုချင်းအပေါ် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

မြေသြဇာကော်မတီ အနေဖြင့် မြေသြဇာ ထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှ တ်ပုံတင်ပေးခြင်းလုပ်ငန်းများကို မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ အကြိမ်(၄၀)မြောက် မြေသြဇာကော်မတီ အစည်းအဝေးပြီးမြောက်ချိန်အထိ မြေသြဇာ မှတ်ပုံတင်လက်မှတ်ပေါင်း ၁၁၁၂၉ စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်၏ တင်ပြချက်အရ မြေသြဇာမှတ်ပုံတင်  ၁၈၃၃ စောင် ပယ်ဖျက်ခဲ့ကြောင်း၊ အလားတူ သက်တမ်းကျော်လွန်သည့် မြေသြဇာမှတ်ပုံတင် ၂၆၈၉စောင်ကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖျက်သိမ်းခဲ့ပြီးဖြစ်၍  ယနေ့အထိ မြေသြဇာမှတ်ပုံတင်  ၆၆၀၇   စောင် ခွင့်ပြုလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ခုနှစ်တွင်  နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်  ဆောင်ရွက်မည့် မိုးစပါး၊  မိုးနှင့်ဆောင်း ဆီထွက်သီးနှံများအတွက်   လိုအပ်သော ဓာတ်မြေသြဇာများအား  တောင်သူများထံ  မဖြန့်ဖြူးမီ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ၊ မရှိ မြေသြဇာနမူနာရယူ၍    စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ ဓာတ်ခွဲခန်းများတွင် စစ်ဆေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ     ရာသီချိန်မီ ဆောင်ရွက်နိုင်ရန် တောင်သူများ လိုအပ်သည့် ဓာတ်မြေသြဇာများ တင်သွင်းနိုင်စေရန် ကြိုတင်ခွင့်ပြုမိန့် ထုတ်ပေးထားသည့် ကိစ္စရပ်များအား ယနေ့အစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။