ကွင်းလယ်ကစားသမား ရိုမီယိုလတ်ဗီးယား ဒဏ်ရာကြောင့် ယခုဘောလုံး ရာသီကုန်အထိ အနားယူရမည် ဖြစ်ကြောင်း ချယ်လ်ဆီးအသင်း ကြေညာ
ချယ်လ်ဆီးအသင်းသည် အသင်းမှ ကွင်းလယ်ကစားသမား ရိုမီယိုလတ်ဗီးယား အနေဖြင့် ပေါင်ကြွက်သား ဒဏ်ရာကြောင့် ယခုဘောလုံးရာသီကုန်အထိ အနား ယူရမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၂၀ နှစ်အရွယ် ရိုမီယိုလတ်ဗီးယားသည် ပြီးခဲ့သည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက ဆောက်သမ်တန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများနှင့်သာ ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။
ရိုမီယိုလတ်ဗီးယားသည် ယခုဘောလုံးရာသီတွင် ဆောက်သမ်တန် အသင်း၌ ကစားစဉ်ကတည်းက ရရှိသည့် ပေါင်ကြွက်သားဒဏ်ရာကြောင့် အနားယူ နေခဲ့ရပြီး ဒဏ်ရာမှပြန်လည်သက်သာ လာပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ချယ်လ်ဆီးအသင်းက ပဲလေ့စ်အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ပွဲချိန် ၅၈ မိနစ်တွင် လူစားဝင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးပွဲစဉ်အဖြစ် စတင်ကစားခဲ့သော်လည်း အဆိုပါပွဲစဉ်အပြီး လေ့ကျင့်ရေး အစီအစဉ်တွင် ပေါင်ကြွက်သား ဒဏ်ရာရရှိခဲ့သဖြင့် ကာလရှည်ထပ်မံ အနားယူခဲ့ရခြင်းဖြစ်သည်။
ရိုမီယိုလတ်ဗီးယား အနေဖြင့် ကာလရှည်အနားယူ နေရသော်လည်း ဒဏ်ရာမှာ သက်သာခြင်းမရှိသေးပေ။ ၎င်းင်းသည် ယခုဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း အတွက် ပွဲချိန် ၃၂ မိနစ်သာပါဝင် ကစားနိုင်ခဲ့ကြောင်း သိရသည်။