နေပြည်တော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့် ဆောင်ရွက်နေမှုနှင့် ဇုန်များအလိုက်ပြင်ဆင် ဆောင်ရွက်ထားမှုများအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၁၁
နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာအထိ ကျင်းပမည့် နေပြည်တော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားအတွက် အစမ်းလေ့ကျင့် ဆောင်ရွက်နေမှုနှင့် ဇုန်များအလိုက် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် ဝန်ကြီးဌာန ကိုယ်စားပြု ယိမ်းအကအဖွဲ့များက သင်္ကြန်မိုး သီချင်းဖြင့် ကပြဖျော်ဖြေ၍ အစမ်းလေ့ကျင့် ဇာတ်တိုက်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးအား ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကာလအတွင်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ရန်နှင့် ပြည်သူ များအား ဖျော်ဖြေတင်ဆက်ရန်အတွက် လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်၌ သီဆို ကပြဖျော်ဖြေကြမည့် ကိုရီးယားနိုင်ငံမှ K-Pop အဆိုတော်များဖြစ်ကြသည့် Rejen ၊ Henny နှင့် 7kids Dream Group ၊ Astel Dance Group ၊ DJ- Saemi တို့က လာရောက်ဂါရဝပြု တွေ့ဆုံနှုတ်ဆက်ပြီး နေပြည်တော်လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲ အခမ်းအနား အစမ်းလေ့ကျင့်သည့် ယိမ်းအက အဖွဲ့များနှင့်အတူ ပျော်ရွှင်စွာ ယိမ်းအကများ လိုက်ပါသီဆိုကပြကြသည်။
ယင်းနောက် ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာ ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်၊ ရုရှား-မြန်မာချစ်ကြည်ရေး အသင်းမဏ္ဍပ်နှင့် တရုတ် - မြန်မာ - အိန္ဒိယချစ်ကြည်ရေး မဏ္ဍပ်များ၌ ဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေပက်ကစားနိုင်ရန်
ပြင်ဆင်ဆောင်ရွက်ထားမှု၊ စတုဒိသာကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဇုန်လေး ဇုန်ဖြစ်သည့် တိုင်းရင်းသားသင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ် သင်္ကြန်တို့တွင် လည်ပတ်အပန်းဖြေ အနားယူနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှု၊ ဝန်ကြီးဌာနအလိုက် မြန်မာ့ရိုးရာ မဟာ သင်္ကြန် ရေကစားမဏ္ဍပ်များ၌ ဖျော်ဖြေကြမည့် ဝန်ကြီးဌာန ယိမ်းအဖွဲ့များ အစမ်းလေ့ကျင့်ကပြ သီဆိုဖျော်ဖြေမှု၊ အစမ်းလေ့ကျင့် ရေပက်ကစားနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ဧရိယာအတွင်း ရေပြတ်တောက်မှု မရှိစေရေး စီမံဆောင်ရွက်ထားကြရန်၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်နှင့် လုံခြုံရေးပိုင်းကိုလည်း အထူးဂရုစိုက်၍ လစ်ဟာမှုမရှိအောင် စနစ်တကျ ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ယခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန် လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်၌ ပြည်တွင်းမှ နိုင်ငံကျော် အနုပညာရှင်များနှင့် ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆိုတော်များက ပရိသတ်အကြိုက် တေးသီချင်းများကို Music Band ၊ DJပညာရှင် များနှင့်တွဲ ဖက်၍ ဖျော်ဖြေသွားကြမည်ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဉာဏသိဒ္ဓိ မိသားစု မဟာသင်္ကြန် ရေကစားမဏ္ဍပ်တွင်လည်း နိုင်ငံကျော် အနုပညာရှင်များ၏ ဖျော်ဖြေတက်ဆက်မှုများ အပြင် စတုဒိသာ အကျွေးအမွေးများဖြင့်လည်း ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းမဏ္ဍပ်၌ ရုရှားနိုင်ငံမှ လူငယ်အနုပညာရှင် အဖွဲ့များက တေးသီချင်းများ သီဆိုဖျော်ဖြေသွားမည်ဖြစ်ပြီး တရုတ်-မြန်မာ- အိန္ဒိယ ချစ်ကြည်ရေး မဏ္ဍပ်တွင်လည်း နေ့စဉ်စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကာလအတွင်း နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်၊ ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု၊ ပြည်သူနှင့် အစိုးရ၏ ပေါင်းစည်းမှုနှင့် တစ်သားတည်းဖြစ်မှုတို့ကို ဖော်ဆောင်သည့် ပွဲတော်တစ်ခုအဖြစ်ပြသရန် ရည်ရွယ်၍ သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက် ဖွင့်ပွဲအခမ်းအနား အပါအဝင် ဧပြီလ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။