အပူလျှပ်ခြင်းအကြောင်း သိကောင်းစရာ အဖြာဖြာ

 

အပူလျှပ်ခြင်းအကြောင်း သိကောင်းစရာ အဖြာဖြာ

 

    ယခုအချိန်ကာလသည် အလွန်ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလ ဖြစ်သည့်အားလျော်စွာ နေ့အပူချိန်များလည်း မြင့်တက်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၄ ရက် က ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များအဖြစ် ချောက်မြို့၌ ၄၅ ဒီဂရီဆဲလ်စီးရပ်စ်၊ ညောင်ဦးမြို့နှင့် မင်းဘူးမြို့တို့၌ ၄၄ ဒီဂရီဆဲလ်စီးရပ်စ်၊ စစ်ကိုင်းမြို့၊ မြင်းခြံမြို့၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့၌ ၄၃ ဒီဂရီဆဲလ်စီးရပ်စ် အသီးသီး ရှိကြောင်း သိရသည်။

အပူချိန်မြင့်တက်လာခြင်း

    မြန်မာနိုင်ငံအတွင်း ၂၀၁၄ ခုနှစ်မှစတင်ကာ အပူဆုံး စံချိန်တင်ခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ်  ထိုစံချိန်ကိုကျော်လွန်၍  ပိုမိုပူပြင်းလာခဲ့သည်။ ပြင်းထန်လာသော ရာသီဥတုကြောင့် အောက်ဖော်ပြပါ အပူဒဏ်လေးမျိုးကို လူတိုင်း ခံစားကြရသည်။

-   နေ့အပူချိန်များ စံချိန်တင်မြင့်တက်ခြင်း။

-   အပူချိန် စံချိန်တင်မမြင့်တက်သော်လည်း အမြင့်ပိုင်း အပူချိန်များတွင် နေ့စဉ်ရက်ဆက် အချိန်ကြာမြင့်စွာ ကျရောက်နေသဖြင့် အပူလျှပ်ခြင်း (Heat Stroke) ခံစားရခြင်း။

-   လေထုအတွင်း ရေငွေ့များ ရောနှော ပါဝင်လာမှုကြောင့်       ခန္ဓာကိုယ် ခံစားရသော အပူချိန် (Feel Temperature) တွင် လေအပူချိန်သာမက ရေငွေ့အပူချိန်ပါ ပေါင်းစပ်လာသဖြင့်    လူ၏ခံနိုင်သော အပူချိန်အား ကျော်လွန်သည့် အပူဒဏ်ကို ခံစားရခြင်း (High Heat Index)။

-   ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း (Ultraviolet Index) မြင့်မားခြင်း။

ထို့ပြင် အပူချိန်မြင့်တက်လာသည့်အခါ မလွဲမသွေ တွေ့ကြုံရလေ့ရှိသော ဆိုးကျိုးငါးခုဖြစ်သည့် နွေရာသီကာလ အပူချိန်မြင့်မားမှုဒဏ်၊ ရေရှားပါးမှုဒဏ်၊  မီးလောင်ကျွမ်းမှုဒဏ်၊  စိုက်ပျိုးသီးနှံများ  ထိခိုက်ပျက်စီးမှုများနှင့်   ကျန်းမာရေး ထိခိုက်မှုများကိုလည်း  ရင်ဆိုင်ကြရသည်။

အပူဒဏ်ကြောင့် သတိလစ်ခြင်း

    နေပူထဲမှ အအေးထဲသို့ ရုတ်ခြည်းဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊  ရေချိုးခြင်း၊  အအေးခန်းတွင်းမှ   ပူပြင်းသော နေရောင်ထဲသို့ ရုတ်တရက်ထွက်ခြင်းများကြောင့်    လူ့ခန္ဓာကိုယ်မှာ   အပူအအေး ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်ခံစားရတတ်သည်။ ယင်းကို ဆေးသိပ္ပံနည်းအရ Heat Stroke ဟုခေါ်၍ ဒေသအခေါ်အရ “အပူလျှပ်ခြင်း”ဟု ဆိုကြသည်။ Heat Stroke ဖြစ်ပါက အပူအအေးရုတ်ခြည်း ပြောင်းလဲသွားသည့်အတွက် အပူဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ကျယ်သွားခြင်း၊ အအေးဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ကျုံ့သွားခြင်း စသည့် သွေးစီးကြောင်း အကျဉ်းအကျယ် ဒဏ်ကိုခံစားရကာ သတိလစ်ခြင်းကို ဖြစ်စေသည်။ ပြင်းထန်သော အခြေအနေတွင် သွေးကြော အကျဉ်းအကျယ်ဒဏ်ကို မခံစားနိုင်တော့ဘဲ သွေးကြောကြီးများ အက်ကွဲလာကာ သွေးကြောငယ်လေးများ ပြတ်ထွက်သည်အထိ ဖြစ်စေနိုင်သည်။

အပူဒဏ်ကာကွယ်ခြင်း

-အပူဒဏ်ကြောင့် လေဖြတ်ခြင်း၊ အရေပြားကင်ဆာ ဖြစ်ခြင်း၊ ဦးနှောက်သွေးကြော ပြတ်ခြင်းနှင့် အမြင်အာရုံ ပျက်စီးခြင်း စသည်တို့လည်း ဖြစ်ပေါ်စေနိုင်သည်။ Heat Stroke မဖြစ်         စေရန် နေပြင်းချိန် အပြင်မထွက်ပါနှင့်။ မဖြစ်မနေ ထွက်ရ      မည်ဆိုပါက အဆောင်းအကာ၊ ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊သောက်ရေဘူး ယူသွားပါ။ စောင့်ဆိုင်းရသော အလုပ်ဖြစ်လျှင် သစ်ပင်အရိပ်၊ အမိုးအကာအောက်မှစောင့်ပါ။ ရိုးရိုးရေသောက်ပါ။ ရေခဲရေမသောက်ပါနှင့်။ အဲကွန်းကားစီးပြီး နေပူရှိန်ပြင်းသောနေရာ၌ ဆင်းရမည်ဆိုပါက မဆင်းမီ ကြိုတင်ရေသောက်ထားပါ။

-   အပူဒဏ်ကို ရင်ဆိုင်ရာတွင် လူတို့၏ ဇီဝကမ္မ ပြောင်းလဲမှု ဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် “ရေ” က မရှိမဖြစ်ပါ။ အပူ     ဒဏ်ကြောင့် တစ်နာရီကြာ ချွေးထွက်ခြင်းအတွက် သန့်ရှင်းသော သောက်ရေကို တစ်လီတာခန့် သောက်သုံးပေးသင့်သည်။ ချွေးထွက်လွန်နေသော အရွယ်ရောက်ပြီးသူ တစ်ဦးလျှင် သန့်ရှင်းသောသောက်ရေ ငါးလီတာခန့်ကို ဓာတ်ဆား  နှင့်ရော၍ သောက်သုံးပေးသင့်သည်။

-   အကယ်၍ အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက် (၄၁ ဒီဂရီစင်တီဂရိတ်)တွင် အချိန်ကြာကြာ အပူဒဏ်ကို ဆက်၍ ခံနေရပါက ဦးနှောက်ကလာပ်စည်းများကို ထိခိုက် ပျက်စီးစေနိုင်သည်။

-   လူတစ်ယောက်သည် အပူချိန် ၁၀၉ ဒီဂရီဖာရင်ဟိုက် (၄၃ ဒီဂရီစင်တီဂရိတ်)တွင် အသက်အန္တရာယ် ရှိနိုင်သည်။

-   အပူဒဏ်ခံရမှုကြောင့် ကိုယ်အပူချိန် ကျစေရန် ရေများများသောက်ခြင်း၊ ခန္ဓာကိုယ်တွင်း အပူငြိမ်း၍ အေးမြစေသော အစားအစာများဖြစ်သည့် နွားနို့၊ အုန်းစိမ်းရည်၊ ကြံရည်၊ ထန်းရည်ချို၊ ဖရဲသီး၊ တလည်းသီး၊ သံပရာသီး၊ သခွားသီး၊ သခွားမွှေးသီး၊ ဘူးသီး၊ ပူဒီနာရွက်၊ မုန်လာဥအဖြူ စသည်တို့ကို စားပေးသင့်သည်။

အပူဒဏ်ခံနိုင်စေရန် ဆေးဖက်ဝင်ရေချိုးနည်း

    အပူဒဏ်ကာကွယ်သည့်အနေဖြင့်    အထက်ဖော်ပြပါအတိုင်း ကျန်းမာစွာနေထိုင် စားသောက်ရမည့်အပြင် ရေချိုးနည်း မှန်ကန်ရန်လည်း အထူးအရေးကြီးသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို တဖြည်းဖြည်း အေးစေခြင်းမျိုးဖြင့် ရေချိုးပါ။ ရေချိုးနည်းမှန်ကန်မှသာလျှင် Heat Stroke    ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ အပူဒဏ်ခံနိုင်စေရန် ဆေးဖက်ဝင် ရေချိုးနည်း အဆင့်ဆင့်ကို အကြံပြုလိုပါသည်-

-   အရိပ်ထဲတွင် ရေချိုးပါ။

-   ရေမချိုးခင် သောက်ရေတစ်ဖန်ခွက် အပြည့်သောက်ပါ။

-   ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်းအာရုံကြောနေရာများ ဖြစ်သော ခြေထောက်အောက်ပိုင်း၊ လက်ဖျား၊ လက်မောင်း စသည့် သုံးနေရာမှ အာရုံကြောများကို အသိပေးနှိုးဆော်သည့် အနေဖြင့် ရေဆွတ်ကာ ပက်ဖျန်းပေးပါ။

-   ပြီးမှ မျက်နှာသစ်ပါ။

-   တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့် လည်ပင်းတို့ကို ရေနှင့်ပက်ပေးပါ။

-   အထက်ပါ နည်းအဆင့်ဆင့်အတိုင်း ရေဆက်ချိုးပါ။

အရေးပေါ်ရှေးဦးပြုစုနည်း

          အပူလျှပ်ခြင်း (Heat Stroke) ဖြစ်ပေါ်နေသူတွင် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ တွေ့ကြုံခံစားရနိုင်သည်။

-   အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း။

-   စိတ်ရှုပ်ထွေးခြင်း။

-   သတိလစ်ခြင်း။

-   တက်ခြင်း။

-   ခန္ဓာကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်ခြင်း စသည်တို့ဖြစ်သည်။

အပူလျှပ်ခြင်းလက္ခဏာများ ခံစားရပါက ဆောင်ရွက်ရန်

-   လူနာအား အရိပ်ရသောနေရာသို့ ပို့ဆောင်ပါ သို့မဟုတ် အရိပ်ရအောင် ဆောင်ရွက်ပေးပါ။

-   အေးမြသောနေရာ  သို့မဟုတ်  လေပန်ကာ ရှိသောနေရာ သို့မဟုတ် လေအေးပေးစက်ရှိသော အခန်းသို့ ရွှေ့ပြောင်းပါ။

-   လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ။

-   လူနာ၏အဝတ်အစားများအား ချွတ်ပေးပါ။

-   လူနာ ကောင်းစွာ သတိရနေပါက ရေအေးအေး သို့မဟုတ် ဓာတ်ဆားရည် တိုက်ပေးပါ။

-   လူနာ၏ ကိုယ်ပေါ်သို့ ရေအေးအေး ဖျန်းပေးပါ။

-   လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေးအေး သို့မဟုတ် ရေခဲစိမ်ထားသော အဝတ်များဖြင့် ရေဖတ်အုပ်ပေးပါ။

-  လေပန်ကာရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ သို့မဟုတ် ယပ်ခတ်ပေးပါ။

-   အရေးပေါ်ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ပြီးလျှင် ဆေးရုံ၊     ဆေးခန်း၊ ကျေးလက် ကျန်းမာရေး ဌာနများသို့ အမြန်ဆုံး ပို့ဆောင်၍ ကုသမှု ခံယူပါ။

အချုပ်အားဖြင့်ဆိုသော်  အပူလျှပ်ခြင်း  (Heat  Stroke)  သည် မပေါ့ဆဘဲ အလေးပေး ဂရုစိုက်သင့်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ အပူလျှပ်ခြင်း ဖြစ်ပေါ်သည့်အခါ လူနာ၏ အရေပြားသည် မီးကဲ့သို့ပူချစ်ပြီး ချွေးလုံးဝ မထွက်တော့ပေ။  ထိုအခြေအနေသည် အရေးပေါ်ကုသမှု ခံယူရမည့် အခြေအနေဖြစ်ပြီး ကုသမှုခံယူရန် နှောင့်နှေးပါက ဦးနှောက်၊ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးစေကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။ အထူးသတိပြုရမည့် အချက်မှာ Heat Stroke ခံစားနေရချိန်တွင် ဂက်စ်ပါသည့် အချိုရည်များ၊ အားဖြည့်အချိုရည်များ၊ အဖျော်ယမကာများနှင့် ရေခဲရေသောက်သုံးခြင်းကို အထူးရှောင်ရှားရမည်။ ထို့ပြင် စိတ်ရောဂါအတွက် သောက်သုံးသော ဆေးဝါးများ၊ ဆီးဆေးများနှင့် သွေးကျဲဆေးများကိုလည်း အလွန်ပူပြင်းသော ရာသီဥတုတွင် သတိထားသုံးစွဲသင့်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

ပေါက်ပေါက်