ဘာသာပေါင်းစုံကိုယ်စားလှယ်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော် ကြည်ညို

 

ဘာသာပေါင်းစုံကိုယ်စားလှယ်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော် ကြည်ညို

 

နေပြည်တော်၊ ၂၀၂၄ ဧပြီ- ၁၂

     ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်‌ရေးအဖွဲ့(ဗဟို)မှ ကိုယ်စားလှယ် ၉ ဦး၊ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၁၄ ဦး၊ အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၁၂ ဦး၊ ဟိန္ဒူဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၄ ဦး၊ စုစုပေါင်း ဘာသာ‌ပေါင်းစုံကိုယ်စားလှယ် ၃၉ ဦးတို့သည်  ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့်ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့‌နေ့လယ်ပိုင်းတွင် လာရောက်ဖူးမြော်ကြည်ညိုကြသည်။

     ဦးစွာ အဆိုပါ ဘာသာပေါင်းစုံကိုယ်စားလှယ်အဖွဲ့အား မော်ကွန်းတိုက်၌ မာရဝိဇယဘုရားကြီးတည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ် ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ကျောက်စာရုံ စေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှု၊ သာသနာရေးဆိုင်ရာအခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့မှုအခြေအနေများနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ခဲ့မှု များကို ဗီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြသသည်။

    ယင်းနောက် မော်ကွန်းတိုက်အတွင်းခင်းကျင်းပြသထားသည့်  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပခဲ့သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့်ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော်ကြီး တည်ဆောက်ထားသော ဆင်းတုတော်ကြီးပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုးလက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီးတည်ထားပူဇော်မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှုအခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားသည်။

    ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို ကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက် ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း မြန်မာမှုဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားရှိသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအား သွားရောက်လေ့လာကြည့်ရှုကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ် လှူဒါန်း ကြရာ ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

    ယင်းနောက် ဘာသာပေါင်းစုံကိုယ်စားလှယ်များသည် ကျောက်စာရုံစေတီတော် များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အအုံများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုခဲ့ကြသည်။

      အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်း ရရှိသည်။