အကြမ်းဖက်သမားများက ပြင်ဦးလွင်မြို့အတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူ၊ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် အသက် ၅ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ်များအ

အကြမ်းဖက်သမားများက ပြင်ဦးလွင်မြို့အတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူ၊ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် အသက် ၅ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ်များအပါအဝင် ဆေးရုံတက်လူနာများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၁၅ 

 

အကြမ်းဖက်သမားများသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဆင်နွှဲနေသည်ကို မနာလိုမရှုဆိတ်ဖြစ်ခြင်းနှင့် ပြည်သူ များ တည်ငြိမ်အေးချမ်းမှု ပျက်ပြား၍ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လူနေ မြို့/ရွာ ရပ်ကွက်များအတွင်းသို့ Drop Bomb များ ၊ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံး များနှင့် လက်လုပ်မိုင်းများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်။ 
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၁၄ ရက် ညပိုင်းတွင် အကြမ်းဖက်သမား များက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အနောက်ဘက်မှ ပြင်ဦးလွင်မြို့ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ပြည်သူ့ဆေးရုံရှိ အရိုးကုသဆောင်၊ အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ Luxury Hotel ၊ ရပ်ကွက်ကြီး (၅)၊ ဗလမင်းထင်ရပ်ကွက်နှင့် စံပါယ်ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါပေါက်ကွဲမှုကြောင့်  အောင်မြေဇေယျာဘုန်းတော် ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ဘဒ္ဒန္တတေဇာနန္ဒ နှင့် ဒုလ္လဘရဟန်း ၁ ပါး ၊ စုစုပေါင်း ၂ ပါးပျံလွန်တော်မူပြီး ပြည်သူ  ၁ ဦး သေဆုံး၍ ၁ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စပါယ်ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ပြည်သူ့ ဆေးရုံတွင် တက်ရောက်ဆေးကုသ မှုခံယူနေသော အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်များအပါအဝင် လူနာနှင့် ဆေးရုံဝန်ထမ်း ၁၁ ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် စုစုပေါင်းသံဃာတော် ၂ ပါးနှင့် ပြည်သူ ၂ ဦး သေဆုံး ခဲ့၍ ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိကာ အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူများကို လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများ ကိုယ်စိတ် နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲ နိုင်ရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေပတ်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုရန် မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သည့် အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြ စေရန်စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝှမ်းတွင် စည်ကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်လျက်ရှိသည့် ယခုကဲ့သို့  ထူးခြားလေးနက်သော အခါသမယတွင် အကြမ်းဖက်သမားများအနေဖြင့် အရုပ်ဆိုး အကျည်းတန်သော အကြမ်းဖက်လုပ်ရပ် ကို လုပ်ဆောင်လာခြင်း ဖြစ်သည်။
 ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော မြို့/ရွာ ရပ်ကွက်များ အတွင်းသို့ ရှော့တိုက်ဒုံးများ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဉပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ   အကြမ်းဖက်သမားတို့၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ခဲ့ရမှု အပေါ်ဝိုင်းဝန်းဆန့်ကျင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ မြို့ရွာများ အမြန် ဆုံး  တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကာ အကြမ်း ဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါ ကြောင်း သတင်းရရှိသည်။