မင်းဘူး(စကု)မြို့နယ်၌ မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် သုံးထပ်ဆောင်သာသနာ့ ဗိမာန်တော်ကြီး၌ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်က ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် နမ္မဒါဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများနှင့် မင်းဘူး(စကု) မြို့နယ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဝန်ချတောင်းပန် ရှိခိုးကန်တော့ကြပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းစကား ပြန်လည်ပြောကြားသည်။
အဆိုပါသက်ကြီးပူဇော်ပွဲတွင် မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွား ၁၃ ဦးနှင့် မြို့ပေါ်ရပ်ကွက်များမှ အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၉၆ ဦး စုစုပေါင်း ၁၀၉ ဦးကို တစ်ဦးလျှင် အလှူငွေ ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။