လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

 

လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

 

စစ်တွေ    ဧပြီ   ၁၈

     အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံသုံး ဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန် ပစ္စည်းများနှင့် တည်ဆောက်ရေး ပစ္စည်းများ ရောက်ရှိလာမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည်    ယနေ့နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌   ရန်ကုန်တိုင်းဒေသကြီး ၁၈ မိုင်တောရဆရာတော် ဒေါက်တာအရှင်စင်္ကြာဝဠာ (ဣန္ဒသာရ)အား  ဖူးမြော်ကြကာ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။  ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊   ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်းကြပြီး   ဆရာတော်ထံမှ ဝိပဿနာ အလုပ်ပေးတရား နာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့၏ အစီအစဉ်ဖြင့် ရွှေသိင်္ဂီ၊ တော်ဝင်သီရိ၊  အောင်ရတနာ၊ ရွှေလမင်းနှင့် အောင်ရတနာ သီရိသင်္ဘောများ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာသော စားသောက်ကုန်များ ပစ္စည်းများအား အတင်အချပြုလုပ်နေမှုကို   သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသော ကုန်ပစ္စည်းများအား   စနစ်တကျအတင်အချ ပြုလုပ်နိုင်ရေး၊   ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်း ရောင်းချခြင်းမပြုစေရေး၊ လိုအပ်မှုမရှိသော နေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့်  ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး   လိုအပ်သည်များကို  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။