ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

 

ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

 

ပဲခူး   ဧပြီ   ၁၈

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား  ပူဇော်ကန်တော့ခြင်း အခမ်းအနား ကျင်းပသည်။

    ရှေးဦးစွာ ပဲခူးမြို့ ဟံသာဝတီရှေးဟောင်းကျုံးရေပြင်၌   ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊  တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ ၁၅၀၀၀၀  အား  ကျုံးရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။

 ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့ပေါ်ရပ်ကွက် (၃၁)ရပ်ကွက်နှင့် သပြေကုန်းဘိုးဘွားရိပ်သာတို့မှ  သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က မေတ္တာပို့ နှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော တက်ရောက်လာကြသူများက အဘိုး၊ အဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပြီး အလှူငွေနှင့် ကန်တော့ခံပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုး၊ အဘွားများကိုယ်စား အဘွားတစ်ဦးက မုဒိတာစကား ပြန်လည်ပြောကြားခဲ့သည်။

 ယနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍  ပဲခူးမြို့ပေါ်ရပ်ကွက်နှင့် သပြေကုန်းဘိုးဘွားရိပ်သာတို့မှ အဘိုး၊ အဘွား ၇၀ ဦးအား ကန်တော့ကြခြင်းဖြစ်ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၈ မြို့နယ်တွင် အန္တရာယ်ကင်း ပရိတ်တရားတော်အား သံဃာတော်များဖြင့် မြို့တွင်း/မြို့ပြင် မော်တော်ကားများဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။