ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်)၏ နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

 

ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်)၏ နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

 

    မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာသူ ကမ္ဘာသားတွေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။

ကိုယ်စီကိုယ်င ကိုယ့်ဒေသပျော်ကြ၊ စံကြ၊ သတ္တဝါဟူသမျှတို့သည် အိပ်မက်၊ ရာမက် ကောင်းစွာမက်၍  နှစ်သက်ကြည်သာ  အိပ်စက်နိုင်ကြပါစေကုန်သတည်း။

မင်္ဂလာကျက်သရေ ခက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍ ကောင်းစွာ မိုးသောက်အလင်းရောက်၍ ထမြောက်နိုးကြားနိုင်ကြပါစေကုန်သတည်း။

 မကောင်းဟူသမျှ  ဒုစရိုက်မျိုးကို သူတော်လက်နှင့်တရားစက်၍ ဖြိုဖျက် နိုင်ကြပါစေကုန်သတည်း။

ကောင်းရာသိ သုံးဖြာဆယ်လီပါရမီအပေါင်း အကျင့်ကောင်းကို တစ်ဆင့်တစ်ဆင့် မြင့်သထက်မြင့်အောင်ဖြည့်ကျင့် နိုင်ကြပါစေကုန်သတည်း။

၁၃၈၅ ခုနှစ်ကနေ   ၁၃၈၆ ခုနှစ် နှစ်ဟောင်းကုန်ပြီးနှစ်သစ် ကူးပြောင်းတဲ့ အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူကမ္ဘာသား အားလုံး ခုနစ်ရက်သားသမီးတွေ ကောင်းစွာအိပ်စက်နိုင်ကြပါစေ၊ ကောင်းစွာနိုးကြားနိုင်ကြပါစေ၊ ကောင်းသောအိပ်မက်တွေ မြင်မက်ကြ ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

မကောင်းတာတွေဖျောက်ပြီး ကောင်းတာတွေရောက်စေချင်ပါတယ်။ ပုထုဇဉ်တွေရဲ့စိတ်ဆိုတာ  မကောင်းတာကို အမြဲတမ်းကြံစည်တဲ့ သဘောရှိတယ်။ လူတိုင်းလူတိုင်းမှာ မကောင်းတဲ့စိတ်တွေ၊ မကောင်းတဲ့ အကြံအစည်တွေဖြစ်တတ်သလို ကောင်းတဲ့စိတ်တွေ ကောင်းတဲ့အကြံအစည်တွေလည်းဖြစ်တယ်။ မကောင်းတဲ့ ကာယကံတွေရှိသလို ကောင်းတဲ့ ကာယကံတွေလည်း ရှိတယ်။ မကောင်းတဲ့ ဝစီကံတွေရှိသလို ကောင်းတဲ့ ဝစီကံတွေလည်းရှိတယ်။ ပုထုဇဉ်ဆိုတာ မိမိရဲ့စိတ်က မကောင်းမှုတွေကြံမယ်၊ ပြောမယ်၊ လုပ်မယ် ဆိုရင် မကောင်းတဲ့ အကျိုးတရားတွေက သေချာပေါက်ပေးတယ်။  နှစ်ဟောင်းကနေ မကောင်းတဲ့ ဝစီကံတွေ၊ မနောကံတွေ၊ ကာယကံတွေကို နှစ်သစ်ကိုမပါစေဘဲနဲ့  သူတော်လက်နဲ့ တရားစက်၍ ဖြိုဖျက်နိုင်ကြပါစေ၊ မကောင်းတဲ့မနောကံ၊ ကာယကံ၊ ဝစီကံတွေ မကောင်းကျိုးတွေပေးရင် ဒုက္ခရောက်ကြမယ်။ ဆင်းရဲကြမယ်။ အပယ်ဒုက္ခတိလည်း ရောက်ကြမယ်။ သူတော်ကောင်း တရားဆိုတာ သဒ္ဓါ သီလ သုတ စာဂ ပညာဆိုတဲ့ သူတော်ကောင်း တရား ခုနစ်ပါးကို မြတ်စွာဘုရား ဟောထားတယ်။ 

သဒ္ဓါ ရတနာသုံးပါးကိုယုံကြည်ရမယ်။ ဘုရား တရား သံဃာကိုယုံမယ်။ ကောင်းတာ လုပ်ရင်ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ မကောင်းတာတွေ မဖြစ်ချင်နဲ့။ မကောင်းတာတွေ လုပ်နေရင် မကောင်းကျိုးတွေရမှာပါပဲ။

မကောင်းတာတွေကို မပြောမိအောင် ရှောင်ကြဉ်နိုင်ကြပါစေ။ မကောင်းတာတွေ ကြံရင် မကောင်းတဲ့ အကျိုးတရားပေးမှာပဲ။

ဆင်းရဲခြင်းကိုပေးမယ်။ မဆင်းရဲစေချင်ရင် မကောင်းတာတွေ မကြံစည်ဘဲနဲ့ အမြဲတမ်း မိုးလင်းမိုးချုပ် တစ်နေ့တာကောင်းတဲ့စိတ်တွေ ကောင်းတဲ့နှလုံးသားလေးနဲ့ ကြံစည်ခြင်းအားဖြင့် ကောင်းကျိုးတွေရကြပါစေ ဆုတောင်းမေတ္တာပို့ပါတယ်။ ကောင်းတာ တွေလုပ်ပါ၊   ကောင်းတာတွေးကြပါ၊ ကောင်းတာပြောကြပါ၊ ကြိုးကြိုးစားစားနဲ့ ကုသိုလ်တရားတွေ ဆောင်ရွက်ကြပါ။

ဒုစရိုက်တရားဆယ်ပါးကို မိမိတို့မလွန်ကြူးအောင်ရှောင်။ ပြီးတော့ သူတော်ကောင်း တရားခုနစ်ပါး ကြိုးစားလုပ်ကိုင် ဆောင်ရွက်မယ်ဆိုရင် မိမိတို့က ကောင်းကျိုးချမ်းသာကိုရမယ်။

ကောင်းကျိုးသီလတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ၊ စောင့်ရှောက်ခြင်းဖြင့် အကျိုးတရားတွေရပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

လောကီလောကုတ္တရာ ဗဟုသုတတွေ တိုးပွားကြပါစေ၊ နှစ်ဟောင်းကနေ နှစ်သစ် ကူးတဲ့အချိန်မှာ တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသားတွေကို မေတ္တာပို့ပါတယ်။

အပါယ်လေးဘုံကို  ရောက်စေမယ့် အကြောင်းတရားတွေ ဆောင်ရွက်ရမှာတွေကို ရှက်ကြပါ။ ကောင်းတာတွေ လုပ်ရင် ကောင်းတာတွေဖြစ်တယ်ဆိုတဲ့ ကံရဲ့အကျိုးပေး  အနေအထားအတိုင်း သံသရာမှာ အထက်တန်းကျကျ မျက်နှာပန်းလှလှ ဖြစ်ကြစေမယ့် သီလတရားတွေ ကြိုးစားပြီး ဆောက်တည်ကြပါ၊ ဘာဝနာတရားတွေ ကြိုးစားပြီးပွားများကြပါ။ ဒါမှ ကောင်းတဲ့ အကျိုးတရားတွေ ရကြမှာအမှန်ဖြစ်ပါတယ်။ တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသားတို့က ၁၃၈၅ ခုနှစ် ကနေ ၁၃၈၆ ခုနှစ် နှစ်သစ်ကူးတဲ့အခါ သမယမှာ မကောင်းတာတွေ ပယ်ဖျောက်ပြီး   ကောင်းကျိုးချမ်းသာတွေရပြီး ချမ်းသာသုခ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူတွေ အစစအရာရာအဆင်ပြေပါစေ။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ တစ်ဦးနဲ့တစ်ဦး မေတ္တာစိတ်ထားနိုင်ကြပါစေ။ တစ်ဦးအကျိုးကို တစ်ဦးလိုလားကြပါစေ။ တစ်ဦးရဲ့ကောင်းကျိုးကို တစ်ဦးက စောင့်ရှောက်နိုင်ကြပါစေ။ မြန်မာနိုင်ငံကြီးလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းသာယာပြီး  ထေရဝါဒဗုဒ္ဓ သာသနာတော်လည်း နေလို လလို ဆတက်ထမ်းပိုး တောက်ပပြီး အားလုံးတိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသားတွေ တရားထူး တရားမြတ် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။