ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပလျက်ရှိ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပလျက်ရှိ

 

ပဲခူး ဧပြီ ၁၈

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ညပိုင်းက  ပဲခူးမြို့ ဆေးရုံဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင်မဏ္ဍပ်၌  မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲ   ကျင်းပသည်။

ရှေးဦးစွာ ပဲခူးမြို့  သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ဘဒ္ဒန္တသုန္ဒရ(သာသနာ့ဓဇ  ဓမ္မာစရိယ၊  မဟာဂန္ထဝါစကပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) ဆရာတော်မှ   “ပညာရှိတို့ဆုံးမစကား” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို  ဟောကြားတော်မူပြီး ဝန်ကြီးချုပ်အမှူးပြုသော   တရားနာ ပရိသတ်များက    တရားတော်နာယူ၍ ဓမ္မပူဇာအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ  လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေကြသည်။

ပဲခူးတိုင်းဒေသကြီး   အစိုးရအဖွဲ့မှ ဦးဆောင်၍   မြန်မာနှစ်သစ်ကူးတရား အလှူတော်ဓမ္မ သဘင်ပွဲအား ဧပြီလ ၁၇ ရက်မှ ၁၉ ရက်အထိ   ကျင်းပမည်ဖြစ်ပြီး  ဧပြီလ ၁၈ ရက်တွင် ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်  ပဓာနနာယကဒေါက်တာဘဒ္ဒန္တသူရိယ  (သာသနာ့ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်) ဆရာတော်ကလည်းကောင်း၊  ဧပြီလ ၁၉  ရက်တွင် ပဲခူးမြို့ သာသနာ့ဇောတိက စာသင်တိုက် ဘဒ္ဒန္တဇနိတ  (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ)က  လည်းကောင်း တရားရေအေး အမြိုက်ဆေးများ ဟောကြားသွားမည် ဖြစ်ကြောင်း သိရသည်။