ညောင်တုန်းမြို့နယ်၌ မွေးမြူရေးငါးမြစ်ချင်းများ အရောင်းအဝယ်ကောင်းမွန်

ညောင်တုန်းမြို့နယ်၌ မွေးမြူရေးငါးမြစ်ချင်းများ အရောင်းအဝယ်ကောင်းမွန်

ညောင်တုန်း၊ စီးပွားရေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်၌ မွေးမြူရေးငါးမြစ် ချင်းများ အရောင်းအဝယ် ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ် ရေထွက်ကုန် ပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်ဝင်းမော်၏ ပြောပြချက်အရ သိရသည်။

ညောင်တုန်းမြို့နယ်တွင် မတ်လက ငါးမြစ်ချင်းတစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ သာဈေးရှိခဲ့ပြီး ဧပြီလ ၁ ရက်မှ လက်ရှိအချိန်ထိ  ငါးမြစ်ချင်း တစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ အထိ ဈေးရရှိလာကြောင်း၊ အဆိုပါ မွေးမြူရေး ငါးမြစ်ချင်းများကို ရန်ကုန်ဈေးကွက်မှ ဝယ်လိုအားများလာပြီး  ဈေးကောင်းရရှိနေကြောင်း သိရသည်။

“ငါးမြစ်ချင်းကို တခြားဒေသတွေထက် ရန်ကုန်ဈေးကွက်ကို ပိုပြီးတင်ပို့နေရပါတယ်။ ပြည်တွင်းမှာ ငါးစားသုံးမှုများလာတာအပြင် ပြည်ပဈေးကွက်ကို တင်ပို့ရတဲ့အတွက် အရောင်းအဝယ် ကောင်းမွန်လာ တာဖြစ်ပါတယ်။ အခု ငါးမြစ်ချင်းတစ်ပိဿာကို  ငွေကျပ်  ၉၅၀၀  အထိ ဈေးရရှိနေပါတယ်။ လက်ရှိ ရရှိနေတဲ့ဈေးနှုန်းက မွေးမြူသူတွေအတွက် အဆင်ပြေပါတယ်။ အခု ငါးမြစ်ချင်းက မတ်လကထက် တစ်ပိဿာကို ငွေကျပ် ၂၅၀၀ လောက် ဈေးပိုရနေပါတယ်” ဟု ဒေါ်ဝင်းမော်က ပြောသည်။

ညောင်တုန်းမြို့နယ်မှ   ထွက်ရှိသည့် ငါးမြစ်ချင်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်ဈေးကွက်မှတစ်ဆင့် နေပြည်တော်နှင့် ပြည်ပဈေးကွက်တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါငါးများ နေ့စဉ်တင်ပို့ရောင်းချလာရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ ရေလုပ်သားများ၊  ကုန်သည်များနှင့် ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သုတကျော်