ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုနှစ်သုံးလတာကာလအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘော အစင်းရေ ၁၅၇ စင်းဝင်ရောက် ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ခဲ့

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုနှစ်သုံးလတာကာလအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘော အစင်းရေ ၁၅၇ စင်းဝင်ရောက် ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ခဲ့

ရန်ကုန်၊ ကုန်သွယ်ရေး

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ယခုနှစ်ဇန်နဝါရီလမှ မတ်လအထိ သုံးလတာကာလအတွင်း နိုင်ငံတကာကုန် တင်သင်္ဘောလိုင်းများမှ ကုန်တင်သင်္ဘော အစင်းရေ ၁၅၇ စင်း ဝင်ရောက် ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ သိရသည်။

ယခုနှစ် သုံးလတာကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ နိုင်ငံတကာကုန်တင် သင်္ဘောလိုင်းများဖြစ်သော MAERSK A/S သင်္ဘောလိုင်း၊ COSCO သင်္ဘောလိုင်း၊ SAMUDERA သင်္ဘောလိုင်း၊ MSC သင်္ဘောလိုင်း၊ SITC သင်္ဘောလိုင်း၊ CMA-CGM  သင်္ဘောလိုင်း၊  Ti2 CONTAINER  သင်္ဘောလိုင်း၊ EVERGREEN သင်္ဘောလိုင်း၊ ONE သင်္ဘောလိုင်း၊ R.C.L သင်္ဘောလိုင်း၊ BAY   သင်္ဘောလိုင်း၊  BLPL သင်္ဘောလိုင်း၊ LAND and SEA သင်္ဘောလိုင်း၊ PIL သင်္ဘောလိုင်း၊ I.A.L သင်္ဘောလိုင်းတို့မှ စုစုပေါင်း နိုင်ငံတကာကုန်တင်သင်္ဘောအစင်းရေ  ၁၅၇ စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘောအစင်းရေ  ၆၂၉  စင်း ဝင်ရောက်ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ၄၉ စင်း၊ ဖေဖော်ဝါရီလက ၅၃ စင်း၊ မတ်လက ၅၅ စင်း  စုစုပေါင်း   ၁၅၇   စင်း   ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း၊ ဧပြီလတွင် အစင်းရေ   ၅၀  ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာ ကုန်သွယ်မှုများအတွက် ရန်ကုန်မြို့ဆိပ်ကမ်းဧရိယာတွင် အလျားမီတာ၂၀၀ Deadweight Tonnage(DWT)တန် ၃၅၀၀၀ ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်တင် သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၂၈ စင်းနှင့် သီလဝါဆိပ်ကမ်း ဧရိယာတွင် အလျား မီတာ ၃၀၀  Deadweight Tonnage (DWT) တန် ၅၀၀၀၀ ရှိသော အပြည်ပြည် ဆိုင်ရာ ကုန်တင်သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား အစင်း ၂၀ တို့ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။    

ချမ်းမြေ့