စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

မုံရွာ  ဧပြီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများတွင် သီတင်းသုံးတော်မူနေကြသည့် ဆရာတော်သံဃာတော်များ ပရိယတ္တိ၊ ပဋိပတ္တိတရားဘာဝနာများ စိတ်အေးချမ်းသာစွာ ပွားများ အားထုတ်နိုင်ရေးနှင့်   ဆွမ်းအခက်အခဲ မရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၁၉ ရက်နံနက်ပိုင်းတွင် မုံရွာမြို့ အေးသာယာရပ်ကွက်ရှိ ဇောင်ကြမ်းပင်ကျောင်းတိုက်ကြီးရှိ ဓမ္မာသရဖူဓမ္မာရုံကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊   တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ    နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး ဇောင်ကြမ်းပင် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရသီရီ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်ပြီး ဇောင်ကြမ်းပင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ သီရီ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ မုံရွာတောင် ရပ်ကွက်ရှိ သထုံဝံသ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကြပြီး သထုံဝံသ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တသုဒဿန ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊     တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ (ပြန်/ဆက်)