မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား

မကွေး  ဧပြီ  ၁၉

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကျက်သရေဆောင် မြသလွန်စေတီတော်မြတ်ကြီးတွင် ယမန်နေ့ နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

“မကွေးမြို့ရဲ့ ကျက်သရေဆောင် မြသလွန်စေတီတော်မြတ်ကြီးမှာ ရပ်ဝေးရပ်နီးက ဘုရားဖူးလာ ပြည်သူတွေနဲ့ အလွန်စည်ကားနေပါတယ်။ ဘုရားဖူးလာရောက်ကြတဲ့ ပြည်သူတွေကိုလည်း စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဂေါပကအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဘုရားဖူးပြည်သူတွေဟာ မြသလွန်စေတီတော်မြတ်ကြီးအား ဦးခိုက်ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်း များ ကပ်လှူပူဇော်ခြင်း၊ အလှူငွေများ လှူဒါန်းခြင်း၊ ရင်ပြင်တော်ပေါ်ရှိ နေ့နံဘုရားသို့သွားကာ ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပာယ်၍ ကုသိုလ်ပြုခြင်း၊ နှစ်သစ်အတွက် ဆုတောင်းခြင်းတို့ကို ပြုလုပ်ကြပါတယ်။ ယခုလို ဘုရားဖူးပြည်သူတွေ လာရောက်မှုများတော့ ဘုရားအနီး အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် ဒေသထွက်ရိုးရာ အစားအစာပြုလုပ်ရောင်းချတဲ့ ဈေးသည်တွေနဲ့ ဘုရားပန်းသည်တွေ ဈေးရောင်းရလို့ အဆင်ပြေကြပါတယ်” ဟု အဆိုပါမကွေးမြို့ မြသလွန်ဘုရားတွင် ဘုရားပန်းရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်အစိုးရ ရုံးပိတ်ရက်ကာလနှင့် အခြားသော နေ့ထူး နေ့မြတ်၊ အခါကြီးရက်ကြီးများတွင် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိ ကြောင်းသိရကာ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဂေါပကအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

အလားတူ မင်းဘူးမြို့ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများဖြစ်သည့် ရှင်ပင်စက္ကိန်းတဲစေတီ၊ ရှင်မင်းဘူး စေတီ၊ နဂါးပွက်တောင်တော်တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)