ဥပ္ပါတသန္တိသုတ်ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ဥပ္ပါတသန္တိသုတ်ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

နေပြည်တော် ဧပြီ ၁၉

ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် သံဃနာယက အဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးမှူးနှင့် ဂေါပကအဖွဲ့ဝင်များ၊   ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ  တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော် ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္ဈာယ် တော်မူသည့် ပရိတ်တရားတော်များကို နာယူကာ ဆရာတော်၊ သံဃာတော်များထံ ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ်စာအုပ်များ၊ ပရိတ်ရေ၊ ပရိတ်ပန်းများ ဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)