မိတ္ထီလာမြို့နယ်၌ ဆည်ရေ ကန်ရေသောက်စနစ်ဖြင့် နွေစပါး ၄၅၇ ဧက စိုက်ပျိုးပြီးစီး

မိတ္ထီလာမြို့နယ်၌ ဆည်ရေ ကန်ရေသောက်စနစ်ဖြင့် နွေစပါး ၄၅၇ ဧက စိုက်ပျိုးပြီးစီး

မိတ္ထီလာ၊ စိုက်ပျိုးရေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ယခုနှစ်တွင် ဆည်ရေ၊ ကန်ရေသောက် စနစ်ဖြင့် နွေစပါး ၄၅၇ ဧက စိုက်ပျိုးပြီးစီးကာ သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်၌ နှစ်စဉ် မိုးစပါးနှင့် နွေစပါးကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင်  မိတ္ထီလာကန်၊  မုန်တိုင်ဆည်နှင့် ရှမ်းမငယ်ဆည်ရေတို့ဖြင့် နွေစပါးကို  မြို့နယ်အတွင်းရှိ  ထမုန်ကန်၊ သီးကုန်း၊  မုန်တိုင်၊  ရှမ်းမငယ်ကျေးရွာ အုပ်စုတို့ရှိ ကျေးရွာရှစ်ရွာမှ တောင်သူ ၁၉၀ ဦးတို့က ကွင်းခြောက် ကွင်းဖြင့် စိုက် ဧက ၃၀၀ စိုက်ပျိုးရန်လျာထားပြီး ဖေဖော် ဝါရီလနောက်ဆုံးပတ်မှစ၍ စိုက်ပျိုးလျက် ရှိသည်။ 

ထိုသို့စိုက်ပျိုးရာတွင် နွေစပါးကို တိုက်ရိုက်အစေ့ချခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးလျက် ရှိသည်။

ယင်းသို့စိုက်ပျိုးလျက်ရှိရာ မိတ္ထီလာ ကန်ရေဖြင့် ထမုန်ကန်ကျေးရွာအုပ်စု၌ နွေစပါး ၁၉၆ ဧက၊ မုန်တိုင် ဆည်ရေဖြင့် မုန်တိုင်နှင့် သီးကုန်းကျေးရွာအုပ်စု၌ နွေစပါးဧက ၁၅၀၊ ရှမ်းမငယ်ဆည်ရေဖြင့်    ရှမ်းမငယ် ကျေးရွာအုပ်စု၌  နွေစပါး  ၃၁  ဧက၊ ပုဂ္ဂလိကဆည်ရေဖြင့် နွေစပါး  ၇၂ ဧကနှင့် စက်ရေတွင်း ဖြင့် နွေစပါး ရှစ်ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ 

(၆၀၂)