အီရန်၏မြေပြင်ပိုင်နက်အတွင်းသို့ အစ္စရေးတိုက်ခိုက်

အီရန်၏မြေပြင်ပိုင်နက်အတွင်းသို့ အစ္စရေးတိုက်ခိုက်

ဝါရှင်တန်၊ စစ်ရေး

အစ္စရေးနိုင်ငံသည် အီရန်၏ မြေပြင်ပိုင်နက်အတွင်းသို့ ဧပြီလ ၁၉ ရက်အစောပိုင်းက တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြသည်။

ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုများသည် အီရန်နိုင်ငံက အစ္စရေးပိုင်နက်အတွင်းသို့ ဒုံးကျည်များနှင့် တိုက်ခိုက်ပြီး ရက်ပိုင်းအတွင်းမှာပင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် နိုင်ငံအလယ်ပိုင်းရှိ အစ်ဖာဟန်မြို့၌ ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း အီရန်ပိုင် Mehr သတင်းဌာနက ဖော်ပြသည်။

တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အီရန်စစ်ဘက်က နိုင်ငံအတွင်းရှိ လေကြောင်း ကာကွယ်ရေး စနစ်များကို အသက်သွင်း၍ အသင့်ပြင်ဆင်ထားခဲ့ကြောင်း၊ အစ္စရေးတို့သည် ဆီးရီးယားနှင့် အီရတ် အတွင်းရှိ စစ်သုံးလေယာဉ်ကွင်းများနှင့် ရေဒါစနစ်တစ်ခုကိုပါ တိုက်ခိုက်ခဲ့ကြောင်း IRNA သတင်း အေဂျင်စီက ဖော်ပြထားသည်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံ၏ပိုင်နက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် အစ္စရေး မောင်းသူမဲ့လေယာဉ်သုံးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်ရုပ်သံက ဆက်လက်ဖော်ပြသည်။ သို့သော် အစ္စရေးတို့သည် အီရန်၏နျူကလီးယား စက်ရုံများကိုမူ ပစ်မှတ်ထားခြင်းမရှိကြောင်း အမည်မဖော်လို သည့် အမေရိကန်အရာရှိ တစ်ဦး၏ပြောဆိုချက်ကို ကိုးကား၍ စီအန်အန်ကဖော်ပြသည်။

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်အစိုးရက နိုင်ငံအတွင်းရှိ လေဆိပ်များမှ ပြည်တွင်း လေကြောင်း ခရီးစဉ်များကို ရပ်ဆိုင်းပစ်ခဲ့ကြောင်း  AL Jazeera သတင်းဌာနက ထုတ်ပြန်ထား ကြောင်း သိရသည်။               

Ref: ST, RT