ကျောက်တောင်ဓာတ်အား ခွဲရုံတည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေး၊ ကျားချောင်းကျေးရွာ မွေးမြူရေးဇုန်တွင် ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာနှင့်

 

ကျောက်တောင်ဓာတ်အား ခွဲရုံတည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေး

 

ရန်ကုန်  ဧပြီ  ၂၀

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးချုပ်မှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်း စဉ်ဆက်မပြတ်လျှပ်စစ်ဓာတ်အားပေးနိုင်ရေး နှင့် ကျားချောင်းကျေးရွာ မွေးမြူရေးဇုန်တွင် ဓာတ်အားခွဲရုံ တည်ဆောက်မည့်နေရာနှင့် ကျောက်တောင်ဓာတ်အားခွဲရုံ တည်ဆောက် ပြီးစီးမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် 33/11KV,  5MVA  ဖူးကြီးဓာတ်အားခွဲရုံသို့ သွားရောက်၍ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ ခွဲရုံကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့်  ဓာတ်အားခွဲရုံ အတွင်း/အပြင် သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 ယင်းနောက် တိုက်ကြီးမြို့နယ်  33/11KV,  2MVA ကျောက်တောင်ဓာတ်အား ခွဲရုံတည်ဆောက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ ကျားချောင်းကျေးရွာ ဧက ၂၀၀၀ မွေးမြူရေးဇုန်ရှိ  33/11KV,  5MVA ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာ သို့လည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား၍ လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 ဆက်လက်၍ တိုက်ကြီးမြို့နယ် 33/ 11KV, (10+10) MVA ဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေးစဉ် ရန်ကုန်တိုင်းဒေသကြီး အတွင်း စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေး အတွက် ဓာတ်အားခွဲရုံများ၏ ထရန်စဖော်မာများ လောင်ကျွမ်းမှု မရှိစေရေး၊   မီးဘေး အန္တရာယ်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်း စေရေး၊ ခွဲရုံအင်္ဂါရပ်များနှင့်အညီ သန့်ရှင်း သာယာ လှပမှုရှိစေရေးတို့ကို  အစဉ်မပြတ် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။