မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင် တတိယနေ့ အောင်ဆန်းဆရာတော်ကြီး၏ တရားပွဲတွင် ပရိသတ် တစ်သောင်းနှစ်ထောင်ကျော် လာရောက် တရားနာယူ

 

မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင် တတိယနေ့ အောင်ဆန်းဆရာတော်ကြီး၏ တရားပွဲတွင် ပရိသတ် တစ်သောင်းနှစ်ထောင်ကျော် လာရောက် တရားနာယူ

 

ရန်ကုန်  ဧပြီ  ၂၀

    မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း ၃  ရက်  သာသနာတော်နှစ် ၂၅၆၇ ခုနှစ်  ခရစ်သက္ကရာဇ်   ၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မှူးကျင်းပသည့် မြန်မာ့နှစ်သစ်ကူး အထူးဓမ္မသဘင် တရားပွဲကို    ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်း   ဒဂုံမြို့နယ် ပြည်လမ်းရှိ   ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။

မြန်မာ့နှစ်သစ်ကူး    အထူးဓမ္မသဘင် အခမ်းအနားကျင်းပရေး  ဦးစီးကော်မတီ နာယက  ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့်လုပ်ငန်း ကော်မတီများမှ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် အထူးဓမ္မသဘင်တရားပွဲသို့ လာရောက်ကြသည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ တရားနာပရိသတ်များအား  သက်သတ်လွတ်ဒံပေါက်၊    ကြက်သားထမင်းကြော်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းနှင့် အအေးမျိုးစုံတို့အား  စတုဒိသာ လှူဒါန်းနေမှုများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊  အနုပညာအထက်တန်း ကျောင်းမှ အနုပညာရှင်များက မင်္ဂလာဆိုင်းတော်နှင့် တွဲဖက်၍ ဓမ္မပူဇာတေးများသီဆို၍ ပူဇော်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်   တရားရေအေး အမြိုက်ဆေး တိုက်ကျွေး ဟောကြားတော်မူမည့် မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်ကြီး(ရန်ကုန်)၏ မဟာနာယက အင်းစိန်မြို့နယ် သြဝါဒါစရိယ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ မဟာကမ္မဋ္ဌာနာစရိယ ဝိဇ္ဇာကာသီ သီရိကမ္မဋ္ဌာနာစရိယ (သီရိလင်္ကာနိုင်ငံ)  နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင်ရည် ဆုတံဆိပ်ရ  ဆရာတော်ကြွရောက်လာချိန်တွင် သာသနာ့အလံများခြံရံ၍  ထီးဖြူမိုးပြီး   ဓမ္မပလ္လင်ထက်သို့ပင့်ဆောင်တော်မူကြပြီး   ဆရာတော်ကြီး၏ တရားတော်များကို ကြည်ညိုစွာ နာယူတော်မူကြသည်။

၎င်းနောက် ဆရာတော်ကြီးက သာသနာတော်(၃)ရပ်ဖြစ်သည့် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဒသာသနာ မြန်မာပြည်တွင် ထွန်းကားနေချိန်နှင့် တိုက်ဆိုင်စွာ ကံကောင်း၍ ရလာသော လူ့ဘဝတွင်  ဗုဒ္ဓဘာသာဝင်  သူတော်ကောင်းတို့ အနေဖြင့် အမြင်မှား၊ အမှတ်မှား၊ အသိမှားမရှိရလေအောင် ကျင့်ကြံကြိုးစားကြရန်၊ လောဘ၊ ဒေါသ၊  မောဟနှင့်မာနကိုပယ်သတ်၍ ဂတိနိမိတ်များ မဖြစ်ရလေအောင်  ဝိပဿနာ တရားအားထုတ်ရန်၊ သို့မှသာ အပါယ်လေးပါး ဖြစ်သည့် ငရဲ၊ တိရစ္ဆာန်၊  ပြိတ္တာ၊ အသူရကာယ်ဘုံတို့ကိုကျော်ဖြတ်၍ ကောင်းမြတ်သောဘုံများသို့   ရောက်ရှိစံစားနိုင်မည့် တရားတော်များနှင့်   ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး၏ ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ လည်ပုံပြတ်ပုံအကြောင်း တရားတော်များကို   ဟောကြားတော်မူသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီးတို့က ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အလှူရှင်များ(ကိုယ်စား)  နဝကမ္မအလှူငွေများအား ဆရာတော်၏ ကပ္ပိယမှတစ်ဆင့်လှူဒါန်းပြီး ကျေးဇူးတင် ဝမ်းမြောက်စကား   လျှောက်ထားသည်။

ယင်းနောက် တရားပွဲတွင် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ၃၁ ဘုံသားတို့အတွက် ဆုတောင်းမေတ္တာ ပို့သခဲ့ကြသည်။ အဆိုပါတရားပွဲတွင် နဝကမ္မ အလှူငွေ   တစ်ထောင့်နှစ်ဆယ့်ခြောက်သိန်း တစ်သောင်းသုံးထောင့်ငါးရာကျပ် ရရှိခဲ့ကြောင်းနှင့် တရားပွဲသို့ တရားနာပရိသတ် တစ်သောင်းနှစ်ထောင်ကျော် လာရောက်တရားတော်နာ ယူခဲ့ကြောင်းနှင့် တရားနာ ပရိသတ်များအတွက် မိမိတို့နေထိုင်သည့် အနီးဆုံးနေရာအထိ မော်တော်ယာဉ်များဖြင့် အသွား/အပြန် စီစဉ်ပေးထားကြောင်း သိရသည်။