အမိကမ္ဘာမြေ သန့်ရှင်းကျန်းမာဖို့ ပလတ်စတစ် သုံးစွဲမှုလျှော့ချကြပါစို့

 

အမိကမ္ဘာမြေ သန့်ရှင်းကျန်းမာဖို့ ပလတ်စတစ် သုံးစွဲမှုလျှော့ချကြပါစို့

 

(အပြည်ပြည်ဆိုင်ရာ အမိကမ္ဘာမြေနေ့ အကြိုဂုဏ်ပြုဆောင်းပါး)

ကမ္ဘာမြေနေ့ဖြစ်ပေါ်လာပုံ

ကျွန်ုပ်တို့ကမ္ဘာမြေသည် မိမိဝင်ရိုးပေါ်တွင် ၂၄ နာရီလျှင် တစ်ပတ်နှုန်းဖြင့် လည်ပတ်ရင်း နေကို ၂၃ ၁ ဒီဂရီတိမ်းစောင်း၍  လှည့်ပတ်ကာ ဥတုရာသီမျှမျှတတ အလှည့်ကျဖြစ်ပေါ်စေပြီး  လူသားတို့ စားဝတ်နေရေးအတွက်  လိုအပ်ချက်များဖြစ်သည့် လေ၊ ရေ၊ မြေ၊ အစားအစာတို့ကို အစဉ်ဖြည့်ဆည်းပေးလျက် ရှိသည်။ အမှန်စင်စစ်ဆိုသော် ဤကမ္ဘာမြေသည် ကျွန်ုပ်တို့လူသားများ အတွက် အဖိုးမဖြတ်နိုင်သည့်အပြင် ကျေးဇူးကြီးမားလှသည့် ခိုလှုံစရာမိခင်ရင်ခွင်ကြီးပင်ဖြစ်သည်။

လူသားတို့အတွက် အဘက်ဘက်မှ အကျိုးပြုနေသော ကမ္ဘာမြေပေါ်တွင်  ၁၉၆၉ ခုနှစ် ကယ်လီဖိုးနီးယား ပြည်နယ် စန်ဒါဘာဘရာ ကမ်းခြေအနီးရှိ ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ငန်းမှ ရေနံယိုဖိတ်မှုကြီး ဖြစ်ပွားခဲ့ရာ ကယ်လီဖိုးနီးယား ကမ်းလွန်အတွင်းရှိ ပင်လယ်နေငှက်များနှင့် ပင်လယ်သတ္တဝါများ အများအပြား သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ၎င်းရေနံယိုဖိတ်မှု၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကြောင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အရေးကြီးကြောင်း အများပြည်သူကို  အသိပညာပေးရန် အတွက်  အမေရိကန်အထက် လွှတ်တော်အမတ်ဖြစ်သည့်  Gaylord Nelson မှ ပတ်ဝန်းကျင်ရေးရာ လူငယ်တက်ကြွလှုပ်ရှားသူ  Denis Hayes  နှင့်အတူ ကမ္ဘာမြေနေ့ကို သတ်မှတ်နိုင်ရေး စတင်စည်းရုံးလှုံ့ဆော်ခဲ့သည်။ ထိုမှတစ်ဆင့် လေထု ညစ်ညမ်းမှု အရှိန်အဟုန်ဖြင့် မြင့်တက်လာနေသည့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ကမ္ဘာမြေ၏ ရှင်သန်မှုကို   ခြိမ်းခြောက်နေသော အခြားသော အခြေအနေများကို အသိပညာပေးရန် ရည်ရွယ်ပြီး ကမ္ဘာမြေနေ့ကို ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်တွင် အမေရိကန်နိုင်ငံ၌ စတင်ကျင်းပခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ပြန်လည်အသုံးပြုခြင်း (Recycling) ကို မြှင့်တင်နိုင်ရန် အတွက် နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှ ကမ္ဘာမြေနေ့ကို အသိအမှတ်ပြု ကျင်းပခဲ့ပြီး  ၁၉၉၂  ခုနှစ်တွင်  ဘရာဇီးနိုင်ငံ  ရီယိုဒီဂျနေရိုးမြို့၌  ကျင်းပခဲ့သည့် သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံအတွက် အခြေခံအချက် တစ်ခုဖြစ်စေခဲ့သည်။ ကမ္ဘာမြေနေ့သည် ၁၉၉၂ ခုနှစ် ရီယိုကြေညာစာတမ်းတွင် ဖော်ပြထားသည့် သဘာဝနှင့် ကမ္ဘာမြေသဟဇာတဖြစ်ရေးကို မြှင့်တင်ရန်နှင့်  လက်ရှိနှင့် အနာဂတ်မျိုးဆက်များ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ  လိုအပ်ချက်များကြားတွင် မျှမျှတတ ဟန်ချက်ညီညီရှိစေရန် စသည့်အချက်တို့ကို အထောက်အပံ့ဖြစ်စေသည်။ ၂၀၀၉ ခုနှစ်တွင် ကျင်းပခဲ့သည့်   ကုလသမဂ္ဂအထွေထွေ ညီလာခံ (United Nations General Assembly)  မှ A/RES/63/278  ဆုံးဖြတ်ချက်ဖြင့် ဧပြီလ ၂၂ ရက်တွင် ကျရောက်သော ကမ္ဘာမြေနေ့ World Earth Day ကို အပြည်ပြည်ဆိုင်ရာ အမိကမ္ဘာမြေနေ့ (International Mother Earth Day) ဟု အတည်ပြု သတ်မှတ်ခဲ့သည်။

၂၀၂၄ ခုနှစ်  ဧပြီလ  ၂၂ ရက်တွင် ကျရောက်သော  အမိကမ္ဘာမြေနေ့သည်   (၅၄)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး   ယခုနှစ်၏ ဆောင်ပုဒ်မှာ Planet vs. Plastics ဖြစ်သည်။ ဤဆောင်ပုဒ်သည်   လူသားများအနေဖြင့်   ပလတ်စတစ်၏ ကျန်းမာရေးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်၊ တစ်ခါသုံး ပလတ်စတစ်များကို လျင်မြန်စွာ ဖယ်ရှားရန်နှင့်  ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ပြင်းပြင်းထန်ထန် တွန်းအားပေးပြီး ပလတ်စတစ် အသုံးပြုမှု   အလေ့အကျင့်များကို အမြန်အဆုံးသတ်နိုင်ရန် ရည်ရွယ်သည်။    ထို့ပြင် မျိုးဆက်သစ်များအတွက် ပလတ်စတစ်ကင်းစင်သော ကမ္ဘာမြေကို တည်ဆောက်နိုင်ရန်နှင့်   လူသားနှင့်ကမ္ဘာမြေ၏ ကျန်းမာရေးအတွက် ၂၀၄၀ ပြည့်နှစ်တွင် ပလတ်စတစ်ထုတ်လုပ်မှု အားလုံး၏ ၆၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ရန်အတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်နိုင်ရေးလည်း ရည်ရွယ်သည်။

ကမ္ဘာမြေနှင့် ပလတ်စတစ် ညစ်ညမ်းမှု

 ပလတ်စတစ်ကို စတင်ရှာဖွေတွေ့ရှိခဲ့သည့် ၁၉၀၇ ခုနှစ်မှစတင်၍   ခေတ်မီနည်းပညာများဖြင့်  ပုံစံအမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းများကို  တီထွင်ထုတ်လုပ် အသုံးပြုလာခဲ့ကြသည်။  Mcllgorm et al., (2020) ၏ လေ့လာတွေ့ရှိချက်အရ ၁၉၈၉ ခုနှစ်တွင်  ကမ္ဘာကြီးသည်  နှစ်စဉ်ပလတ်စတစ် တန်ချိန် သန်းပေါင်း ၁၀၀ ခန့်ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မတိုင်မီအချိန်တွင် ပလတ်စတစ် ထုတ်လုပ်မှုတန်ချိန် သန်းပေါင်း ၃၂၂ အထိ ဆပွားတိုးမြင့်လာခဲ့သည်။ ပလတ်စတစ်ရောင်းလိုအားနှင့် ဝယ်လိုအား မြင့်တက်လာသည်နှင့်အတူ ပလတ်စတစ် ထုတ်လုပ်မှုသည်လည်း အဆပေါင်းများစွာ တိုးပွားလာခဲ့ပြီး    ထုတ်လုပ်ထားသည့် ပလတ်စတစ်များ၏ ကိုးရာခိုင်နှုန်းမျှသာ ပြန်လည်ပြုပြင် အသုံးပြုနိုင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ပြန်လည်ပြုပြင်သုံးစွဲရန် ကျန်ရှိပလတ်စတစ်များသည် လူမှုအဖွဲ့အစည်း အတွင်း၌ အမှိုက်များ မြေဖို့စွန့်ပစ်ရာ ဖို့မြေများအဖြစ် ရောက်ရှိနေခြင်း၊ လဟာပြင်တွင် မီးရှို့ဖျက်ဆီးခံရခြင်းနှင့် မြေထု၊ သစ်တောနှင့် ပင်လယ်သမုဒ္ဒရာများ အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေခြင်း   စသည့်ပုံစံအမျိုးမျိုးဖြင့် ပျံ့နှံ့လျက်ရှိသည်။ ၎င်းကျန်ရှိပလတ်စတစ်များသည်    ကမ္ဘာကြီး၏ ပြန်လည်ပြုပြင် အသုံးပြုနိုင်မှုစွမ်းရည်  (Recycling Capacity)ကိုကျော်လွန်ကာ ကမ္ဘာမြေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အပြင် လှပနေသော ကမ္ဘာမြေကို ညစ်နွမ်းစေသည်။

ပလတ်စတစ်သည် ထုတ်လုပ်အသုံးပြုသည့် အချိန်မှ စွန့်ပစ်သည့်အချိန်ကာလ သက်တမ်းတစ်လျှောက်တွင် လူသားတို့ကို ပုံစံအမျိုးမျိုးဖြင့် အကျိုးပြုသည့် အချက်များလည်းရှိသည်။ ဥပမာအားဖြင့် ကုန်ပစ္စည်းများကို စနစ်တကျနှင့် ကုန်ကျစရိတ် သက်သာစွာ ထုပ်ပိုးနိုင်ခြင်း၊ အီလက်ထရွန်နစ် ပစ္စည်းများအား ကုန်ကျစရိတ် သက်သာစွာထုတ်လုပ်နိုင်ပြီး လူအများ လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများကို ပေါ့ပါးစေပြီး  သယ်ယူပို့ဆောင်ရေး စရိတ်များကို သက်သာစေခြင်း  စသည်တို့ဖြစ်သည်။   အခြားတစ်ဖက်တွင် ပလတ်စတစ်စွန့်ပစ် အမှိုက်များသည် သဘာဝအလျောက် လွယ်ကူစွာပြိုကွဲ ပျက်စီးနိုင်ခြင်း မရှိသည့်အတွက် စနစ်တကျစီမံခန့်ခွဲခြင်း မရှိပါက ကျွန်ုပ်တို့ကမ္ဘာမြေအတွက် ကြီးမားသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ပေါ်ပေါက်လာစေသည်။ လက်ရှိအချိန်တွင် Crepy & Porteron (2021) ၏ လေ့လာမှုအရ  ပလတ်စတစ်တန်ချိန်သန်းပေါင်း ၁၅၀ သည်  ပင်လယ်သမုဒ္ဒရာ အတွင်းသို့အကြောင်း အမျိုးမျိုးဖြင့်ရောက်ရှိကာ အပိုင်းအပိုင်းပြိုကွဲမှု ဖြစ်စဉ်ကြောင့် အန္တရာယ်ရှိသည့် သေးငယ်သော ပလတ်စတစ် အမှုန်များ (Microplastics) အဖြစ်သို့ ပြိုကွဲလျက်ရှိနေပြီဖြစ်သည်။

ပလတ်စတစ် ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများ

ပလတ်စတစ်များသည် ၎င်း၏ထုတ်လုပ်မှုနှင့် အသုံးပြုပြီး   စွန့်ပစ်မီးရှို့ဖျက်ဆီးခြင်း ကွင်းဆက် တစ်လျှောက်လုံးတွင်  မှန်လုံအိမ်ဓာတ်ငွေ့များကို လေထုအတွင်းသို့ ထုတ်လွှတ်နေသည်ဟု လေ့လာသိရှိရသည် (WWF, 2021)။ ပလတ်စတစ်များ အားလုံးသည် ရုပ်ကြွင်းလောင်စာကို အခြေခံသော ပစ္စည်းများဖြစ်ပြီး ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွက် ရေနံစိမ်းပမာဏများစွာကို  ထုတ်လုပ်သန့်စင်ရန် လိုအပ်သကဲ့သို့  သယ်ယူပို့ဆောင်ရေး ကွင်းဆက်အတွက်လည်း  အသုံးပြုရသည်။   ထို့ကြောင့် ပလတ်စတစ် ထုတ်လုပ်မှု မြင့်တက်လာသည်နှင့်အမျှ ကမ္ဘာမြေမှ ဖြည့်ဆည်းပေးနေသော    ရုပ်ကြွင်းလောင်စာ ထုတ်ယူသုံးစွဲမှု ပိုမိုမြင့်မားလာပြီး သဘာ၀ အရင်းအမြစ်များ ရှားပါးလာမှုကို ဖြစ်ပေါ်စေနိုင်သည်။ ထိုနည်းတူစွာ လေထုထဲသို့ ရောက်ရှိလာသော မှန်လုံအိမ်ဓာတ်ငွေ့များသည်လည်း ကမ္ဘာမြေကြီး၏ ပူနွေးလာမှုကို ပိုမိုမြင့်မားလာစေမည်ဖြစ်သည်။

ပလတ်စတစ်စွန့်ပစ် ပစ္စည်းများကို မီးရှို့ဖျက်ဆီးပါကလည်း  ကာဗွန်မိုနောက်ဆိုက်၊  ဒိုင်အောက်စင်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် စသည့်ဓာတ်ငွေ့များ ထွက်ရှိစေပြီး   ကမ္ဘာမြေ၏လေထုကို   ညစ်ညမ်းစေပြီး လူသားတို့၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သည်။

ထို့အတူ လေထုထဲသို့ ရောက်ရှိနေသည့် ပလတ်စတစ်အမှုန်များက လူသားတို့၏ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်လာနိုင်သကဲ့သို့ သောက်သုံးရေထဲတွင်လည်း ပါရှိနိုင်သဖြင့် လူတို့နေ့စဉ် အသက်ရှူခြင်းနှင့် ရေသောက်သုံးခြင်းမှ ပလတ်စတစ်များ ဝမ်းဗိုက်ထဲသို့ ရောက်ရှိပြီး အချိန်ကြာလာသည်နှင့် အမျှ ကင်ဆာရောဂါ အမျိုးမျိုးကိုဖြစ်ပေါ်စေပြီး   လူ့သက်တမ်း တိုတောင်းလာစေနိုင်သည်။

ပလတ်စတစ်များသည် ဓာတ်သဘာဝဖွဲ့စည်းမှုအားဖြင့် သဘာဝအလျောက်   လွယ်ကူစွာပြိုကွဲပျက်စီးခြင်း မရှိဘဲ နှစ်ပေါင်းများစွာ ကြာမြင့်သည့်အခါ ရာသီဥတုဒဏ်ကြောင့် လည်းကောင်း၊ နေရောင်ခြည်တွင် ပါရှိသော    ခရမ်းလွန်ရောင်ခြည်ကြောင့် လည်းကောင်း ကြွပ်ဆတ်ပြီး အပိုင်းအစလေးများအဖြစ် ကြေမွသွားပြီး   ကမ္ဘာမြေ၏ ရှင်သန်မှုကို အန္တရာယ်ဖြစ်စေသော  ပစ္စည်းတစ်ခုဖြစ်သည်။ ထိုအပိုင်းအစလေးများကို ကုန်းနေ၊ ရေနေသတ္တဝါများမှ အစာနှင့်ရောနှော စားသုံးမိပြီး အစာချေဖျက်မှု လုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေကာ သေဆုံးမှုအထိပါ   ဖြစ်ပွားစေနိုင်သည်။   ထိုနည်းတူစွာ မြေထုကို   ရုပ်ပိုင်းနှင့်ဓာတုပိုင်းအားဖြင့်လည်း ညစ်ညမ်းစေသည့်အတွက်   ကမ္ဘာ့မြေဆီလွှာ၏ သဘာဝမြေဆီသြဇာကိုလည်း လျော့ကျစေနိုင်သည်။                   

ထို့ပြင်  ပလတ်စတစ်စွန့်ပစ် ပစ္စည်းများသည် လမ်းကြောင်းအမျိုးမျိုးမှ တစ်ဆင့်   ရေထုထဲသို့ ရောက်ရှိပြီး ရေချိုသယံဇာတများကို ညစ်ညမ်းစေနိုင်သည့်အပြင် ရေထုအရည်အသွေးကိုပါ ကျဆင်းစေသည်။  ၎င်းပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် မြစ်များ၊ ချောင်းများမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာသို့ ရောက်ရှိပြီး အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ သေးငယ်သော ပလတ်စတစ် အပိုင်းအစများအဖြစ် တဖြည်းဖြည်းပြိုကွဲကာ   အဏ္ဏဝါပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်ပေါ်စေသည်။ ပင်လယ်သမုဒ္ဒရာသို့ ရောက်ရှိနေသည့်  ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် ရေနေသတ္တဝါများအား ငြိတွယ်ခြင်း၊ ရေနေသတ္တဝါများမှ အစာဟုထင်မှတ်၍ စားသုံးမိသဖြင့် အစာချေဖျက်မှုဆိုင်ရာ ပြဿနာများမှ   သေဆုံးသည်အထိ ဖြစ်ပွားစေနိုင်ပြီး ကမ္ဘာမြေ၏ အဏ္ဏဝါဂေဟ စနစ်ကို ထိခိုက်ပျက်စီးစေနိုင်သည်။

တိုးပွားလာမည့် ကမ္ဘာမြေ၏ ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာဖြေရှင်းရေး

    နောက်ဆုံး ခန့်မှန်းချက်များအရ ၂၀၅၀ ပြည့်နှစ်တွင် ပလတ်စတစ် ထုတ်လုပ်မှုသည်  သုံးဆအထိ တိုးမြင့်လာနိုင်မည်ဖြစ်ပြီး ၎င်းနှင့်အတူ ပလတ်စတစ် ညစ်ညမ်းမှုသည်လည်း ကမ္ဘာမြေပေါ်တွင် ပိုမိုတိုးပွားလာမည့် အရေးကိစ္စတစ်ခုပင်ဖြစ်သည်။  ထိုသို့ ပလတ်စတစ်ညစ်ညမ်းမှု  ပြဿနာလျှော့ချရေးကို အချိန်မီမဆောင်ရွက်နိုင်ပါက ကမ္ဘာမြေ၏ ရေထုထဲတွင် ရေနေသတ္တဝါများထက် ပလတ်စတစ်အမှိုက်များဖြင့်  ပြည့်နှက်နေမည်ဖြစ်ရာ  အနာဂတ်တွင် အမိကမ္ဘာမြေ၏ သဘာဝဂေဟစနစ် လည်ပတ်မှုမှာ စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ ကျွန်ုပ်တို့ကမ္ဘာမြေ၏ ကျန်းမာရှင်သန်ရေး အတွက် ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာကိုဖြေရှင်းနိုင်ရန်အတွက်  နိုင်ငံအဆင့်၊ ဒေသအဆင့်မှ အစိုးရများ၏ ကဏ္ဍအပြင် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပြည်သူများအားလုံး အတူတကွ ပူပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။

ကမ္ဘာမြေ၏ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဖြေရှင်း ဆောင်ရွက်နေမှုများ

    ကျွန်ုပ်တို့ကမ္ဘာမြေတွင် လက်ရှိဖြစ်ပေါ်နေသော ပလတ်စတစ် ညစ်ညမ်းမှုသည် အရေးတကြီးဖြေရှင်း ဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။  ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီလတွင် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ကုလသမဂ္ဂ ပတ်ဝန်းကျင်ညီလာခံတွင် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် အဏ္ဏဝါ အမှိုက်သရိုက်နှင့် ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာများကို ၂၀၂၄ ခုနှစ်တွင် နောက်ဆုံးထား ဖြေရှင်းနိုင်မည့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့်ဥပဒေ အကြောင်းအရ စည်းနှောင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက သဘောတူ ထောက်ခံခဲ့ကြသည်။

၂၀၁၉ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အဏ္ဏဝါအမှိုက်သရိုက်များအား  အရေးယူ ဆောင်ရွက်မှုဆိုင်ရာ အာဆီယံ မူဘောင်ရေးဆွဲရေးနှင့်   အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက်    တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ သဘောတူထောက်ခံ အတည်ပြုခဲ့ကြပြီး အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်လျှော့ချရေး လုပ်ငန်းများကို အာဆီယံဒေသတွင်း နိုင်ငံများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ အမျိုးသားအဆင့်   စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး ၎င်းမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင် ပါဝင်သောဦးစားပေး ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူစွာ အဏ္ဏဝါအမှိုက်သရိုက်များအား  အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင် ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို   လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက်   အမျိုးသားအဆင့် ပလတ်စတစ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (National Plastic Action Plan) အား ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အစိုးရဌာနဆိုင်ရာ ရုံးများတွင် ပလတ်စတစ် စွန့်ပစ်နှင့် တစ်ခါသုံးပလတ်စတစ်(ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရေး အတွက် အစည်းအဝေးများ ကျင်းပရာတွင် တစ်ခါသုံး ရေသန့်ဘူးများအစား အကြိမ်ကြိမ်ပြန်လည် အသုံးပြုနိုင်သော ဖန်ပုလင်းနှင့် ဖန်ခွက်များကို အစားထိုး အသုံးပြုလျက်ရှိသည့် အပြင် ပလတ်စတစ်စွန့်ပစ် ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရေးကို  စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ပြည်သူလူထုအား ပလတ်စတစ်၏ ဆိုးကျိုးများကို သိရှိနားလည်စေပြီး ပလတ်စတစ်မသုံးစွဲရေး အသိပညာပေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် စုပေါင်းအမှိုက်ကောက်ပွဲ ကျင်းပခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူများပူးပေါင်း ပါဝင်လာအောင် နှိုးဆော်တိုက်တွန်း ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာမြေညစ်ညမ်းမှုကို ထိန်းသိမ်းသည့် အနေဖြင့်   ပလတ်စတစ်ထုပ်ပိုးပစ္စည်းများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေမှုကို လျှော့ချရန် လိုအပ်နေသည်။   ပလတ်စတစ်စွန့်ပစ် ပစ္စည်းများကို လျှော့ချခြင်း၊  တတ်နိုင်သမျှ ပြန်လည်ပြုပြင်သုံးစွဲခြင်းနှင့်     ယင်းစွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများ ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်းတို့ကို အလေးထား လုပ်ဆောင်သင့်သည်။ တစ်နည်းအားဖြင့် ပလတ်စတစ်အစားထိုး ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် ကုန်ကြမ်းအသစ်များ ဖော်ဆောင်ပေးကြမည့် အသေးစား၊ အလတ်စားနှင့် အကြီးစား လုပ်ငန်းရှင်များကို  နိုင်ငံတော်အနေဖြင့် လိုအပ်သောနည်းပညာများနှင့် အခြားပံ့ပိုးမှုများ ပြုလုပ်ကာ  အပြည့်အဝထောက်ပံ့ပေးမည်ဆိုပါက   ကျွန်ုပ်တို့ကမ္ဘာမြေ ရင်ဆိုင်ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်သည်။     

အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး

    ပြည်သူတို့အနေဖြင့်လည်း ကမ္ဘာမြေပေါ်တွင် စိန်ခေါ်မှု တစ်ရပ်အဖြစ် ကြုံတွေ့နေရသော   ပလတ်စတစ် ညစ်ညမ်းမှုကိုလျှော့ချနိုင်ရေးအတွက် ပလတ်စတစ်အိတ် သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများအသုံးပြုခြင်း၊ အလွယ်တကူ ဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့်   ပလတ်စတစ် ထုတ်ကုန်ပစ္စည်းများအား  အလွန်အကျွံ သုံးစွဲမှုကို  တစ်ဦးတစ်ယောက်ချင်းအားဖြင့်   တတ်နိုင်သမျှလျှော့ချသင့်သည်။   ထို့ပြင် သုံးစွဲပြီးသော  ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို သတ်မှတ် အမှိုက်ပုံနေရာတွင် စနစ်တကျစွန့်ပစ်ခြင်း

ဖြင့် ကမ္ဘာမြေ၏ သဘာဝအလှတရားကို ထိန်းသိမ်းသင့်ပေသည်။ ကျွန်ုပ်တို့၏ အမိမြေကမ္ဘာအစဉ် ကျန်းမာပြီး ပလတ်စတစ် ကင်းဝေးစေရေးအတွက် အောက်ဖော်ပြပါ အဓိကနည်းလမ်းငါးသွယ်ကို အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ လိုက်နာဆောင်ရွက်သင့်ပေသည်-

(က)   အသုံးပြုရန် မလိုအပ်ပါက ပလတ်စတစ် အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း (Reject)၊

( ခ)    ပလတ်စတစ်အိတ်များအစား ချည်ဖြင့်    ပြုလုပ်ထားသည့်    ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များကို အသုံးပြု၍ ပစ္စည်းထုပ်ပိုးရာတွင် အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်  စသည်တို့ကို သုံးစွဲခြင်းဖြင့် ပလတ်စတစ်အိတ်အသုံးပြုမှုကို     လျှော့ချခြင်း (Reduce)၊

( ဂ)    ပလတ်စတစ်အိတ် အဟောင်းများအား    အမှိုက်အဖြစ် စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုခြင်း (Reuse)၊

(ဃ)   အသုံးပြုပြီးသော ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ်သုံးပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း (Recycle)၊

( င)    အသုံးပြုပြီးသော  ပလတ်စတစ်အိတ်ခွံများအား စုထားပြီး ပြန်လည်အသုံးပြုနိုင်သော နေရာများသို့ ပြန်လည်ပေးပို့ခြင်း (Return)။

နိဂုံးချုပ်အနေဖြင့် လူသားတို့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း ဝန်ထုပ်ဝန်ပိုးများမှာ အမိကမ္ဘာမြေအတွက် လေးလံပင်ပန်းလှပြီဖြစ်သည်။   ၎င်းဝန်ထုပ်ဝန်ပိုးများကို ကျွန်ုပ်တို့လူသားများကပင်   ပြန်လည်ကုစားနိုင်မည်ဖြစ်သည်။  ကျွန်ုပ်တို့အမိကမ္ဘာမြေ နေရာအနှံ့တွင် ရင်ဆိုင်ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာလျှော့ချရေး၊ အမိကမ္ဘာမြေ သန့်ရှင်းကျန်းမာလာစေရေး၊    အနာဂတ်မျိုးဆက်များ၏ ဘဝသာယာဝပြောရေးနှင့် ကျန်းမာပျော်ရွှင်ရေး အတွက် ကျွန်ုပ်တို့၏   ပလတ်စတစ်ပစ္စည်း သုံးစွဲမှုများကို ဖြတ်တောက်လျှော့ချရမည့် အချိန်သည် ယခုလက်ရှိ အချိန်အပင်ဖြစ်သည်။  ထို့ကြောင့် ကျွန်ုပ်တို့၏တစ်ခုတည်းရှိသော အမိကမ္ဘာမြေ သန့်ရှင်းကျန်းမာ၍  သဘာဝအလှများဖြင့် ထာဝစဉ်လှပနေစေရေး အတွက် ပလတ်စတစ်ပစ္စည်း သုံးစွဲမှုကိုလျှော့ချကြပါစို့ဟု ယခုနှစ်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမိကမ္ဘာမြေနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုက်တွန်းရေးသားအပ်ပါသည်။   ။

ကျမ်းကိုးစာရင်း

EDD. (2022).အာရှနှင့်ပစိဖိတ်ဒေသ ပင်လယ်သမုဒ္ဒရာတွင်းမှ ပလတ်စတစ်အမှိုက်များ စီမံခန့်ခွဲ ခြင်း၊ Environment and  Development Division (EDD), Economic and Social Commission for Asia and the Pacific-ESCAP Mcllgorm, A., Raubenheimer, K., & Mcllgorm, D. E. (2020). Update of 2009 APEC report on economic costs of marine debris to APEC economies. A report to the APEC Ocean and Fisheries Working Group by the Australian National Centre for Ocean Resources and Security (ANCORS), University of Wollongong, Australia, DecemberWWF. (2021). Plastic waste and climate change-what's the connection? World Wildlife Fund Australia.

https://www.myawady.net.mm/node/26820

https://www.mdn.gov.mm/my/kmbhaameknmaaphiu-plttcttckiu-reaangknyciu

https://www.unep.org/interactives/beat-plastic-pollution