AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် တရုတ်အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် မြန်မာအသင်း အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရ

 

AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် တရုတ်အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် မြန်မာအသင်း အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရ

 

ရန်ကုန်  ဧပြီ  ၂၁

    ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိနေသည့် AFC Futsal Asian Cup 2024 ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲက  မြန်မာဖူဆယ်အသင်းနှင့် တရုတ်ဖူဆယ်အသင်းတို့ ကစားခဲ့ရာ မြန်မာဖူဆယ်အသင်းက သုံးဂိုး- တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် အုပ်စုတတိယနေရာနှင့်သာ ကျေနပ်ခဲ့ရပြီး အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် မဖြစ်မနေ အနိုင်ရရှိမှသာ ကွာတားဖိုင်နယ်အဆင့် တက်ရောက်ရန် မျှော်လင့်ချက်ရှိမည်ဖြစ်သည့် မြန်မာဖူဆယ်အသင်းက ပွဲစကတည်းက တရုတ်ဖူဆယ်အသင်းကို ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ပြီး မြန်မာဖူဆယ်အသင်းအတွက် သွင်းဂိုးများကို ကိုကိုလွင်နှင့် လှိုင်မင်းထွန်းတို့က တစ်ဦးစီ သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဂိုးကို တရုတ်ဖူဆယ်အသင်း ကစားသမားက  ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့မိသည့်အတွက်  မြန်မာဖူဆယ်အသင်းက တရုတ်ဖူဆယ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင်  မြန်မာဖူဆယ်အသင်းသည် အုပ်စုပွဲစဉ်သုံးပွဲ ကစားခဲ့ရာ ပထမပွဲစဉ်တွင် ဗီယက်နမ်ဖူဆယ် အသင်းနှင့်  တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီး  ဒုတိယပွဲစဉ်အဖြစ်  အိမ်ရှင် ထိုင်းဖူဆယ်အသင်းနှင့် ကစားခဲ့ရာ ငါးဂိုး-ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ကာ နောက်ဆုံးပွဲစဉ်တွင် တရုတ်ဖူဆယ်အသင်း ကို သုံးဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာဖူဆယ်အသင်းနှင့် အုပ်စုတွင်း ပြိုင်ဘက်ပွဲစဉ်ဖြစ်သည့် ထိုင်းဖူဆယ် အသင်းနှင့် ဗီယက်နမ်ဖူဆယ်အသင်းတို့ ပွဲစဉ်တွင် ထိုင်းဖူဆယ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် မြန်မာဖူဆယ် အသင်းနှင့် ဗီယက်နမ်ဖူဆယ် အသင်းတို့သည် ရမှတ်လေးမှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်ဖြင့် ထိုင်းဖူဆယ်အသင်းနှင့် ဗီယက်နမ်ဖူဆယ် အသင်းတို့က ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ပြီး မြန်မာဖူဆယ်အသင်းသည် အုပ်စုတတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည့်အတွက် အုပ်စုအဆင့်မှပင် ကျေနပ်ခဲ့ရကြောင်း သိရသည်။