ပလင်းကမ်းသာယာ ဆင်စခန်းသို့ သင်္ကြန်ကာလအတွင်း အပန်းဖြေရန် လာရောက်သူ ယခင်နှစ်ကထက် ပိုမိုများပြား
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နယ် အနောက်ပုလင်းကျေးရွာအနီးရှိ ပလင်းကမ်းသာယာဆင်စခန်းသို့ သင်္ကြန် ကာလ အများပြည်သူရုံးပိတ်ရက်အတွင်း အပန်းဖြေရန်လာရောက်သူ ယခင်နှစ်ကထက် ပိုမိုများပြားခဲ့ကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို၏ပြောကြားချက်အရ သိရသည်။
အဆိုပါဆင်စခန်းသို့ ပုံမှန်အားဖြင့် တစ်လလျှင် ခရီးသွားဦးရေ ၃၀၀၀ ဝန်းကျင် လာရောက်လေ့ရှိသော်လည်း သင်္ကြန်ကာလ နှစ်ဆန်းတစ်ရက်နေ့အထိ ငါးရက်တာကာလအတွင်း လာရောက်အပန်းဖြေသူဦးရေ ၃၀၀၀ ကျော်အထိရှိခဲ့သည်။
"သင်္ကြန်ကာလမှာ အပန်းဖြေခရီးသွား ၃၀၀၀ လောက်ဝင်ရောက်တယ်။ အဲဒီပမာဏက အရင်ကဆိုရင် တစ်လလောက်ဝင်တဲ့ဦးရေပါ။ နှစ်ဆန်းတစ်ရက်နေ့ တစ်ရက်တည်းကို ခရီးသွား ၉၀၀ လောက်လာတယ်။ ဒီနှစ်လာရောက်အပန်းဖြေသူ တော်တော်များပါတယ်"ဟု ဦးမျိုးမင်းကိုကပြောသည်။
ပလင်းကမ်းသာယာ ဆင်စခန်းသို့ လာရောက်အပန်းဖြေသူများမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက်သော ဘုရားဖူးဧည့်သည်များအပြင် နိုင်ငံခြားခရီးသွားဧည့်သည်များလည်း ပါဝင်ကြောင်း သိရသည်။
"နိုင်ငံခြားခရီးသွားဧည့်သည်ကတော့ ဦးရေနည်းပါတယ်။ သင်္ကြန်ကာလမှာ ရုရှားနိုင်ငံကခရီးသွားတွေ လာတာများပါတယ်။ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ဘုရားဖူးလာရင်ပဲဖြစ်ဖြစ်၊ အလည်သက်သက်ဖြစ်ဖြစ် ပလင်းကမ်းသာယာဆင်စခန်းကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်"ဟု ဦးမျိုးမင်းကိုကပြောသည်။
ယင်းဆင်စခန်းသို့ ဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀ နှင့် နိုင်ငံခြားခရီးသွားဧည့်သည်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ သတ်မှတ်ထားပြီး ဆင်စီးခများမှာ နိုင်ငံသားတစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှင့် နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ သတ်မှတ်ထားကြောင်း၊ ဆင်စခန်းတွင် ဆင်များ၏ အလေ့အကျင့် အကြောင်းအရာများကို သိရှိလေ့လာနိုင်မည့် ဆင်ပြတိုက်လည်းရှိပြီး စုစုပေါင်း ဆင်ခြောက်ကောင်ရှိကာ ဆင်စာဘူဖေးများ ကျွေးမွေး လှူဒါန်းနိုင်ကြောင်း သိရသည်။