ရုရှား၏ဒေါ်လာ ၅၀၀ တန်ဒရုန်းများက အမေရိကန်၏ ဒေါ်လာဆယ်သန်းတန် တင့်များကို ဖျက်ဆီး

 

ရုရှား၏ဒေါ်လာ ၅၀၀ တန်ဒရုန်းများက အမေရိကန်၏ ဒေါ်လာဆယ်သန်းတန် တင့်များကို ဖျက်ဆီး

 

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးထားသော ဒေါ်လာဆယ်သန်းတန် တင့်များသည် ရုရှား၏ ဒေါ်လာ ၅၀၀ တန်ဒရုန်းများ၏ ဖျက်ဆီးခြင်းကို ခံနေရကြောင်း NY Post သတင်းစာက   ယခုသီတင်းပတ်အကုန်တွင် ဖော်ပြထားသည်။

အမေရိကန်က ယူကရိန်းသို့ စွမ်းဆောင်ရည် မြင့်တင့်များဖြစ်သည့်  အေဘရမ် တင့် ၃၁ စီးကို ထောက်ပံ့ပေးထားရာ ၎င်းတို့အနက် ငါးစီးမှာ ရုရှားဒရုန်းများ၏ အလုံးစုံဖျက်ဆီးမှုကို ခံရပြီး နောက်ထပ်သုံးစီးသည်လည်း   ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သတင်းစာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါတင့်များကို FPV  ဟုခေါ်သည့် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုအသေခံဒရုန်းများသည် ပစ်မှတ်ကိုမထိခိုက်မီ    ထိန်းချုပ်သူ၏ အလိုကျ လှုပ်ရှားသွားလာနိုင်စွမ်းရှိသည်။

အေဘရမ်တင့် တစ်စီးကိုမူ ရုရှားတို့၏ T-72B3 ပင်မတိုက်ပွဲဝင်တင့်က စီးချင်းထိုး တိုက်ခိုက်ကာ   ဖျက်ဆီးလိုက်နိုင်ခြင်း ဖြစ်သည်ဟု ရုရှားဘက်က ထုတ်ပြန်ထားသည်။

ထို့ပြင် ရုရှားစစ်ဘက်က ထုတ်ပြန်ထားသော အမေရိကန်တို့၏ တင့်များပျက်စီးမှု ဗီဒီယိုအတိုလေးများမှာ ဒရုန်းဖြင့်ရိုက်ကူးထားသည့် ဗီဒီယိုများဖြစ်ပြီး ထိုဗီဒီယိုများတွင် တင့်များ ပျက်စီးသွားသည်ကိုလည်း   မြင်တွေ့ရသည်။

ကမ္ဘာ့အဆင့်မီ  တင့်များဖြစ်သည့် အေဘရမ်တင့်များသည်  ယခုကဲ့သို့သော နည်းလမ်းဖြင့် တိုက်ခိုက်ခံရသည်မှာ ယုံနိုင် ဖွယ်ရာမရှိကြောင်း၊ ရုရှား၏ဒရုန်းများသည် တိကျမှု အလွန်မြင့်မားပြီး ကုန်ကျစရိတ် အသက်သာဆုံးသော   တင့်ဖျက်လက်နက်များ ဖြစ်ကြောင်း သတင်းစာက ဆက်လက် ဖော်ပြထားသည်။