ကျောက်ပန်းတောင်းမြို့နယ်ထွက် ဂျပန်ဖရဲသီးများရောင်းအားကောင်း
ညောင်ဦး၊ လူမှုရေး
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဒေသထွက်ဖရဲသီးများ စတင်ဆွတ်ခူးချိန်တွင် ရောင်းအားကောင်းခြင်းကြောင့် ဖရဲစိုက်တောင်သူများ ဝင်ငွေတွက်ခြေကိုက်နေကြကြောင်း ဂျပန်ဖရဲ စိုက်ပျိုးတောင်သူ ဦးမင်းမင်းထွန်းထံမှသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်ထွက် ဖရဲသီးများ ရောင်းချရာတွင် ခေါင်သီးတစ်လုံးလျှင်ငွေကျပ် ၃၀၀၀ ရောင်းချရပြီး ခေါင်သီးမဟုတ်သည့် အသီးတစ်လုံးလျှင် ငွေကျပ် ၂၅၀၀ ရောင်းချရခြင်းကြောင့် ယခုနှစ် ဖရဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။
ဖရဲတစ်ပင်တွင် ဖရဲသီးသုံးလုံးသာချန်ထားပြီး သီးလာသည့် ဖရဲသီးများခူးဆွတ်ပေးရကြောင်း၊ သို့မှသာ ရောင်းတမ်းဝင် ဈေးကွက်ဝင် ဖရဲသီးဖြစ်လာမည်ဖြစ်ကြောင်း ဖရဲစိုက်တောင်သူ ဒေါ်ဌေးကြည်က ပြောသည်။
ဖရဲများစိုက်ပြီး ရက်ပေါင်း ၆၅ ရက်ရှိလျှင် ခူးဆွတ်၍ရကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း၌ ဂျပန်ဖရဲ ခေါ် ၂.၁.၁ မျိုးတစ်မျိုးတည်းသာ စိုက်ပျိုးကြပြီး အခြားဒေသများတွင် ဒုံးကျည်သီးဖရဲဟု ခေါ် ကြောင်း၊ အခြားဒေသများတွင် အလုံးကြီးသည့် ၅.၁.၁ အမှတ်တံဆိပ် ဖရဲမျိုးများသာ စိုက်ပျိုးကြပြီး အရသာယှဉ်လျှင် ဂျပန်ဖရဲ၏အရသာက ပိုသာကြောင်းနှင့်ဖရဲသီးစိတ်ရောင်းချရာတွင် ဂျပန်ဖရဲသီးကို အကြိုက်များကြောင်း ကျောက်ပန်းတောင်းမြို့မှ ဖရဲသီးရောင်းချသည့် ဒေါ်ဌေးကြည်က ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများသည် ဖရဲစိုက်ပျိုးခြင်းကို မြေအောက် ရေတွင်းများ တူးဖော်ကာ စိုက်ပျိုးကြကြောင်း၊ ဖရဲပင်သည် ရေကြိုက်ကာရေဓာတ် ၇၅ ရာခိုင်နှုန်း ပါဝင်ခြင်းကြောင့် အပွင့်စတင်ပွင့်ချိန်မှ အသီးခူးဆွတ်မရောင်းမချင်း ရေသွင်းပေးရကြောင်း၊ ဖရဲစိုက်ပျိုး ရောင်းချသူများသည် ကိုယ်တိုင်ကျောက်ပန်းတောင်းဈေးသို့ သွားရောက်ရောင်းချခြင်းနှင့် ဖရဲပွဲစားများ စိုက်ခင်းအထိ လာရောက်ဝယ်ယူခြင်းများလည်း ရှိကြောင်း သိရသည်။
ဒီပါလင်း