​​​​​​​ဖြူးမြို့တွင် ဆိုင်ကယ်စီးနင်းနေသည့် ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးပြီး  စစ်မှုထမ်း ဆောင်ရန် ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ

ဖြူးမြို့တွင် ဆိုင်ကယ်စီးနင်းနေသည့် ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးပြီး  စစ်မှုထမ်း ဆောင်ရန် ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့တွင် ဧပြီလ ၂၁ ရက်နေ့က ဆိုင်ကယ်စီးနင်းနေသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် ကားများဖြင့်ခေါ်ဆောင် သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေး ကို မလိုလားသည့် အကြမ်းဖက်သမားများက ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း ကောလာဟလသတင်းအမှားများအပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် တာဝန်ရှိသူ များကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပေါ်ပေါ် ထင်ထင် လုပ်ဆောင်နေသည်ကို ပြည်သူများမှလည်း သိရှိပြီးဖြစ်ပါသည်။

ယခုဖြစ်စဉ်တွင်လည်း လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့ရွာများ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအရစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည့်ကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများက လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ပါသည်။ ထိုသို့ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် ကောလာဟလသတင်းအမှားများကြောင့် စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန် နိုင်ငံပိုင်မီဒီယာများ၊ သတင်းစာများမှတဆင့် အသိပညာပေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး၊ ပြည်သူများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သို့  ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း သတင်းရရှိပါသည်။