မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်များအားလုံး ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ရောင်းချ

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်များအားလုံး ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ရောင်းချ

ရန်ကုန်၊ သဘာဝဓာတ်ငွေ့

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင် ၄၁ ဆိုင်ရှိပြီး   သင်္ကြန်ကာလအပြီး ဧပြီလ ၁၈ ရက်မှစ၍ CNG အရောင်းဆိုင်တစ်ဆိုင်မှအပ ကျန်ဆိုင် ၄၀ ကို ပုံမှန် အတိုင်းပြန်လည်ဖွင့်လှစ်ကာ CNG သုံး မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များ ဖြည့်တင်း ရောင်းချပေးလျက်ရှိကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့ဌာနမှ သိရသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်ပေါင်း ၃၀ ကိုသာ ဧပြီလ ၈ ရက်မှ ၁၇ ရက်အထိ ပိတ်ရက်မရှိ  ဖွင့်လှစ်ပေးထားပြီး ကျန် CNG အရောင်းဆိုင်များကို ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ အားလုံးနီးပါး ပြန်လည် ဖွင့်လှစ် ရောင်းချ ပေးနေပြီဖြစ်သည်။

“ဧပြီလ ၁၈ ရက်ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ CNG အရောင်းဆိုင်အားလုံးနီးပါးကို ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်ရောင်းချပေးနေပါတယ်။  သင်္ကြန်ကာလမှာရော  အခု သင်္ကြန်ပြီးကာလ မှာပါ သဘာဝဓာတ်ငွေ့ 1kg ကို  ငွေကျပ်၂၇၃ ကျပ် ၂၅ ပြားနဲ့ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ  ဖြန့်ဖြူး ရောင်းချပေးနေပါတယ်။ လက်ရှိမှာ ညောင်တုန်း၊ မအူပင် ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေနဲ့ အဖျောက်သဘာဝဓာတ်ငွေ့မြေကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို  အဓိက ထားပြီး   ဖြန့်ဖြူးရောင်းချပေးနေတာ ဖြစ်ပါတယ်။   အနည်းငယ်လိုအပ်လာရင်   ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းက  ထွက်ရှိတဲ့သဘာဝဓာတ်ငွေ့တွေကို    ဖြည့်တင်းရောင်းချပေးနေပါတယ်” ဟု  မော်တော်ယာဉ်သုံး  သဘာဝဓာတ်ငွေ့ဌာန  အထွေထွေမန်နေဂျာ ဦးကျော်သူရဝင်းကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် (CNG) ၄၀ မှာ နေ့စဉ် နံနက် ၅ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး  တစ်ရက်လျှင်   CNG  သုံး YBS  ယာဉ်များ၊ တက္ကစီများနှင့် တခြား ဃြွ သုံးမော်တော်ယာဉ်များ အပါအဝင်      စုစုပေါင်း မော်တော်ယာဉ်အစီးရေ ၂၈၀၀၀ ကျော်ကို သဘာဝဓာတ်ငွေ့ကုဗပေ  ၁၉ သန်းနှင့်  သန်း ၂၀ အကြား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆောင်းဦး