ခရီးသွားကာလဖြစ်သောကြောင့် ပုသိမ်ထီးအရောင်းသွက်နေ

ခရီးသွားကာလဖြစ်သောကြောင့် ပုသိမ်ထီးအရောင်းသွက်နေ

ပုသိမ်၊ စီးပွားရေး

ခရီးသွားကာလဖြစ်သောကြောင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှထွက်ရှိသော ပုသိမ်ထီးများ  အရောင်းသွက်ပြီး ထီးတစ်လက်လျှင် ငွေကျပ် ၆၀၀၀ မှ ၆၅၀၀ အထိ ဈေးကောင်းရရှိနေကြောင်း ပုသိမ်ထီး လုပ်ငန်းလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

“ပုသိမ်ထီးလုပ်ငန်းကို မိသားစုတစ်နိုင် တစ်ပိုင်လုပ်ကိုင်ကြတာပါ။ လက်ရှိကာလက မော်တင်စွန်း ဘုရားဖူး၊ ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေကို လာရောက် လည်ပတ်တဲ့ကာလဖြစ်တော့ ပုသိမ်ထီး တွေ အရောင်းအဝယ်ကောင်းတယ်။ ဈေးကောင်းလည်း ရနေတယ်။ ကုန်ကြမ်းဈေးတက်နေလို့ ရရှိနေတဲ့ ဈေးနဲ့တော့ တွက်ခြေသိပ် မကိုက်ဘူးပေါ့” ဟု ပုသိမ်မြို့မှ ပုသိမ်ထီးလုပ်ငန်းလုပ်ကိုင်သူ  ဦးကိုလတ်က ပြောသည်။

ပုသိမ်ထီးလုပ်ငန်းသည် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများတွင် တစ်ခုအပါအဝင် ဖြစ်ကာ ပုသိမ်မြို့၌ ပုသိမ်ထီးလုပ်ငန်းကြီး လုပ်ကိုင်သူနှင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူ ဦးရေ ၅၀ ကျော်အထိရှိကြောင်း၊ တစ်နိုင် တစ်ပိုင်လုပ်ကိုင်သူအများစုသည် ဆိုင်ကြီးများနှင့် အော်ဒါမှာယူသူများထံ ပြန်သွင်း၍ ရောင်းချ ကြကြောင်း သိရသည်။  

ပုသိမ်ထီးကို မိုးဒဏ်လေဒဏ်မှ ကာကွယ်နိုင်ရန် အသုံးပြုကြခြင်းမဟုတ်ဘဲ နေအိမ်၊ ဟိုတယ်နှင့် အပန်းဖြေဥယျာဉ်များ၊ ပန်းခြံများတွင် အလှဆင်ကြရန် အဓိက အသုံးပြုလေ့ရှိပြီး မြန်မာနိုင်ငံ သို့လာရောက် လည်ပတ်ကြသော နိုင်ငံခြားခရီးသွားဧည့် သည်များကြား ပုသိမ်ထီးသည် ဝယ်ယူရန် ရေပန်းစားသော လက်ဆောင်ပစ္စည်း တစ်မျိုးဖြစ်ကြောင်း သိရသည်။  

ခန့်ခန့်