အာသီးရောင်ခြင်း နှာခေါင်းပိတ်ခြင်းနှင့် ထိပ်ကပ်နာရောဂါအကြောင်း သိကောင်းစရာ

အာသီးရောင်ခြင်း နှာခေါင်းပိတ်ခြင်းနှင့် ထိပ်ကပ်နာရောဂါအကြောင်း သိကောင်းစရာ

နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါတွေနဲ့ပတ်သက်ပြီး အာသီး ရောင်တာက ပါးစပ်မှာ အပူဖုပေါက်တာနဲ့ ကွာခြားမှုရှိပါတယ်။ အာသီးရောင်တာက ဗက်တီးရီးယားတွေ၊   ဗိုင်းရပ်စ်တွေကြောင့် ဖြစ်နိုင်ပြီး ဗိုင်းရပ်စ်ကြောင့် ပိုဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အအေးမိ၊ နှာစေး၊ ချောင်း ဆိုးတာကြောင့်လည်း အာသီး ရောင်တတ်ပါတယ်။ အာသီးမကြာခဏ ရောင်တတ်တယ်ဆိုရင်  ဗက်တီးရီးယားတွေကြောင့် ဖြစ်တယ်။  ဗက်တီးရီးယားကြောင့်ဖြစ်တယ်ဆိုရင် ပိုးသတ်ဆေးသောက်ရပါမယ်။ ဖုန်ထူ တဲ့နေရာ၊ လူများပြီး လေဝင်လေထွက်မကောင်းတဲ့နေရာတွေကို မသွား သင့်ပါဘူး။ နောက်တစ်ခုက အစာအိမ်ထဲကအက်စစ်တွေ အာခေါင်ထဲ ကို ပြန်ထွက်လာတဲ့ စားချဉ့်ပြန်တာကြောင့်လည်း အာသီးရောင်နိုင်ပါ တယ်။ အာသီးရောင်ရင် ဖုန်ထူတဲ့နေရာသွားတဲ့အခါ သတိထားသွား ရပါမယ်။  အာခေါင်ခြောက်အောင်မနေဘဲ  မကြာခဏရေသောက်ပေး သင့်ပါတယ်။ ကွမ်း၊ ဆေးလိပ်၊ အရက် စတာတွေကို ရှောင်ကြဉ်ရပါမယ်။ ရေခဲရေသောက်ပြီး  အာသီးရောင်တတ်တယ်ဆိုရင် ရေခဲရေသောက်တာ ရှောင်ကြဉ်သင့်ပါတယ်။

အာသီးရောင်တာက စထရပ်ကိုကော့ယ်ဗက်တီးရီးယားကြောင့်ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်နှစ်မှာ ငါးခါ၊ ခြောက်ခါလောက်  အာသီးရောင်ရင်၊  လည်ပင်းနာပြီးဖျားတယ်ဆိုရင် နာတာရှည်အာသီးရောင်ရောဂါကြောင့်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါ့ပြင် လေးဖက်နာရောဂါဖြစ်နေတယ် ဆိုရင် အာသီးမကြာခဏရောင်တတ်ပါတယ်။ တချို့လည်း အာသီးမကြာခဏရောင်ပြီး အာသီးထဲမှာ ရှိတဲ့ဖွဲ့စည်း ပုံတွေပျက်သွားပြီး ရောဂါပိုးခိုအောင်းဖို့ နေရာဖြစ်လာပါတယ်။ အာသီးရောင်တာက ဆေးသောက်လို့ မပျောက်ကင်းရင် ခွဲစိတ်သင့်ပါတယ်။

နှာခေါင်းပိတ်တဲ့အခါ အမြန်ဆုံးပျောက်ကင်းအောင် ကုသမှုခံယူသင့် ပါတယ်။ ရုတ်တရက် အအေးမိ၊ နှာစေးဖြစ်ပြီး နှာခေါင်းပိတ်တယ်ဆိုရင် နှာခေါင်းပွင့်တဲ့အစက်ချဆေးထည့်လို့ရပါတယ်။ ရေနွေးထဲကို ပရုတ်ဆီ ထည့်ပြီးရှူသင့်တယ်။ ဒီနည်းက သာမန်အအေးမိ၊ နှာစေး၊ ချောင်းဆိုး တာအတွက်ပဲဖြစ်တယ်။ တချို့က ရောဂါကြောင့်နှာခေါင်းပိတ်တာလည်း ဖြစ်တတ်ပါတယ်။ အဲဒါက ဓာတ်မတည့်လို့ဖြစ်တာပါ။  နာတာရှည် နှာခေါင်းရောင်ရောဂါတွေဖြစ်ရင်လည်း နှာခေါင်းပိတ်တတ်ပါတယ်။ နှာခေါင်းဓာတ် မတည့်ရင် နှာခေါင်းဖျန်းဆေး အသုံးပြုရပါမယ်။ နာတာ ရှည်နှာခေါင်းရောင်ရင် ဆေးစွဲသောက်သင့် ပါတယ်။

ထိပ်ကပ်နာက နှာခေါင်းဘေးမှာရှိတဲ့ လေအိတ်တွေကို ကာထားတဲ့ အမြှေးပါးတွေရောင်လို့ဖြစ်တာပါ။ ဒီရောဂါက အပူ၊ အအေးပြောင်းလဲ မှုများရင်  နှာခေါင်းပိတ်သွားတတ်ပါတယ်။ တချို့က နှာရည်ကျ တယ်။ တချို့ကတော့ အပူ၊ အအေးနည်းနည်းပြောင်းလဲတာနဲ့ နှာခေါင်းပိတ်တာကို ဆိုးဆိုးရွားရွား ခံစားရပါတယ်။ ထိပ်ကပ်နာမှာ ဗက်တီးရီးယားဝင်လို့ ဖြစ်တာနဲ့ ဓာတ်တုံ့ပြန်မှုများတာကြောင့် ဖြစ်ပွားနိုင်ပါတယ်။  ဗက်တီး ရီးယားကြောင့်ဖြစ်တဲ့ ထိပ်ကပ်နာမှာ နှာရည်တွေကျလာပြီး အဲဒီနှာရည် တွေက အကြည်ရောင်မဟုတ်ဘဲ အဝါရောင်၊ အစိမ်းရောင်တွေ ဖြစ်တတ်ပါတယ်။ ဗက်တီးရီးယား ကြောင့်ဖြစ်တဲ့ ထိပ်ကပ်နာဆိုရင်  သေသေချာချာ ကုသဖို့လိုတယ်။

ဓာတ်တုံ့ပြန်တာကြောင့်ဖြစ်တဲ့ ထိပ်ကပ်နာကတော့ ဓာတ်မတည့်တာ တွေကိုရှောင်ရပါတယ်။ အပူ၊ အအေးပြောင်းလဲမှုတွေကို ဂရုစိုက်ရပါမယ်။ ရာသီဥတုပူတဲ့အချိန်နဲ့ အေးတဲ့အချိန် အပြင်ထွက်မယ် ဆိုရင် ထီး၊ ဦးထုပ်ဆောင်းတာမျိုး ပြုလုပ်သင့်ပါတယ်။ ရေခဲရေသောက်တာ ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ပြင် အအေးဘူး၊ အချိုရည်ဘူးတွေလည်းမသောက် သင့်ပါဘူး။ ထိပ်ကပ်နာကို ပိုဆိုးစေပါတယ်။

 အခုလိုမျိုး အရမ်းပူတဲ့ရာသီဥတုမှာ ပေါ့ပေါ့ပါးပါး ပွပွချောင်ချောင် အဝတ်အစားတွေဝတ်ဆင်မယ်ဆိုရင် ထိပ်ကပ်နာဖြစ်တာ သိပ်မဆိုးပါဘူး။ ဓာတ်မတည့်လို့ဖြစ်တဲ့ထိပ်ကပ်နာကို ထိန်းထားဖို့ နှာခေါင်း ဖျန်းဆေး အသုံးပြုနိုင်ပါတယ်။ နှာခေါင်းဖျန်းဆေးဖျန်းထားရင် အပူ၊ အအေး ပြောင်းလဲလို့ဖြစ်တဲ့ ထိပ်ကပ်နာမခံစားရအောင် ကာကွယ်လို့ရပါတယ်။

ထိပ်ကပ်နာဆိုတာ လူဦးခေါင်းခွံမှာ နှာခေါင်းပေါက်နဲ့ဆက်သွယ်ထား တဲ့လေလမ်းကြောင်း၊  နှာခေါင်းဝ ပိတ်ဆို့ရာကနေ  တစ်ခု  ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့နှာခေါင်းလိုဏ်တွေ ပိုးဝင်ရောင်ရမ်းတာ ဖြစ်ပါ တယ်။ လေးပတ်အတွင်းဖြစ်ရင် ရုတ်တရက်ထိပ်ကပ်နာလို့ခေါ်ပြီး သုံးလထက်ကြာပြီး ထပ်ခါထပ်ခါ ဖြစ်ရင် နာတာရှည် ထိပ်ကပ်နာလို့ ခေါ်ပါတယ်။ ထိပ်ကပ်နာက အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ထိပ်ကပ်နာ ဖြစ်ရင် ခေါင်းကိုက်တာ၊ ချောင်းဆိုးတာ၊ ညဘက်မှာပိုဆိုးတာ၊  ဖျားနာ တာ၊ နဖူး ဒါမှမဟုတ် မျက်နှာတစ်ဝိုက် လေးလံနာကျင်တာ၊ နှာပိတ်တာ၊ နှာစေးတာ၊ အဝါ၊ အစိမ်း၊ အပြာရောင်အရည်တွေထွက်တာ၊ လည်ချောင်းနာတာတို့ ခုနစ်ရက်ကနေ ၂၁ ရက်အထိဖြစ်နိုင်တယ်။ ဖော်ပြထား တဲ့အထဲမှာမပါဝင်တဲ့ တခြားလက္ခဏာတွေလည်း ရှိပါတယ်။ ရောဂါရှိလို့ စိုးရိမ်နေမယ် ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်။

မျက်ကွင်းညိုပြီး ရောင်ရမ်းနာကျင်တာ၊ နဖူးရောင်တာ၊ အပြင်းအထန် ခေါင်းကိုက်တာ၊ ကယောင် ကတမ်းဖြစ်တာ၊ လည်ပင်းတောင့်တင်းတာ၊  အသက်ရှူပုံမမှန်တာ၊  ပြတ်တောင်း ပြတ်တောင်း အသက်ရှူရပ်တာ အဲဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေး သင့်ပါ တယ်။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုက မတူညီနိုင်ပါဘူး။  ကိုယ့် အခြေအနေအတွက် ဘာအကောင်းဆုံး လဲသိအောင် မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ထိပ်ကပ်နာက ဗက်တီးရီးယား၊ ဓာတ်မတည့်တာ၊ လေထုညစ်ညမ်းတာနဲ့ နှာခေါင်းမှာ အသားပို ဖြစ်တာကြောင့် နှာခေါင်းပိတ်တာဖြစ်စေတယ်။ ထိပ်ကပ်နာက တုပ်ကွေးမိပြီး ဓာတ်မတည့် ပစ္စည်း တွေနဲ့ထိတွေ့ပြီး နောက်မှာဖြစ်လေ့ရှိတယ်။ မွေးရာပါနှာခေါင်းလိုဏ်ကျဉ်းတာ၊ နှာခေါင်း ခြောက်သွေ့ လွန်းတာတို့ကလည်း နာတာရှည်ထိပ်ကပ်နာ ဖြစ်စေပါတယ်။ ထိပ်ကပ်နာ ဖြစ်ပွားနိုင်ခြေ မြင့်စေတဲ့ အကြောင်းရင်းက ဓာတ်မတည့်ပစ္စည်း တွေနဲ့ အမြဲထိတွေ့နေတာ၊ HIV/AIDS ၊ စစ်ထရစ်ဖိုင်ဗလိုစစ် ခေါ် ကိုယ်ခံအားစနစ် ချို့ယွင်းမှုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊  ဆေးလိပ် သောက်တာကြောင့် ဖြစ်နိုင်ပါ တယ်။ မှိုပိုးကြောင့်ဖြစ်တဲ့ ထိပ်ကပ်နာ  ဒါမှ မဟုတ်  အကျိတ်တွေရှိတယ်လို့ သံသယရှိရင် နှာခေါင်း မှန်ပြောင်းကြည့်တာ၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်တာ၊ MRI ရိုက်တာ ပြုလုပ် သင့်ပါတယ်။  ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကိုဆန်းစစ်ဖို့ ဆရာဝန်က တစ်နှစ်မှာ ထိပ်ကပ်နာဖြစ်တဲ့ အကြိမ်အရေ အတွက်၊ ရောဂါလက္ခဏာ မပေါ်ခင်ပြုလုပ်ခဲ့တဲ့ လုပ်ဆောင်ချက်တွေမေးပြီး စမ်းသပ်ပါမယ်။ မွေးရာပါ နှာခေါင်းကောက်နေ၊ နှာခေါင်းရိုးကွေးကောက်နေရင် ထိပ်ကပ်နာမကြာခဏဖြစ်လို့ ခွဲစိတ်ကုသ ရတတ် ပါတယ်။

ပါးစပ်ထဲမှာ အဖြူရောင်အပူဖုတွေပေါက်ပြီး အရမ်းနာတာမျိုးဖြစ် တတ်ပါတယ်။ ဘာကြောင့်ဖြစ်ရ သလဲ၊ သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ၊ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲဆိုရင်  ပါးစပ်ထဲမှာ ခံတွင်းနဲ့ အာခေါင်အမြှေးပါးလေးတွေ၊ တံတွေးထွက်တဲ့အကျိတ်လေး တွေရှိပါတယ်။ အဲဒါတွေက ရောင်ရမ်းနာကျင်မှုကို ခံစားရတတ်တယ်။ မြန်မာလို အပူဖုပေါက်တယ်လို့ ခေါ်ကြပါတယ်။ အာသီးရောင်တာလည်း ရောဂါတစ်ခုအနေနဲ့ပြတတ်တယ်။ အပူဖုပေါက်တာက ပါးစပ်ထဲမှာ ပုံမှန် မဟုတ်တဲ့  ဗက်တီးရီးယားတွေပေါက်ပွားလို့ ဖြစ်တာများတယ်။ အရမ်းပူတဲ့ အစားအစာကိုစားမိလို့ အာခေါင်ပေါက်သွားတဲ့အခါမှာလည်း နာတတ်တယ်။ အပူ၊ အအေးမျှတတဲ့အစာစားရပါမယ်။

ခံတွင်းသန့်ရှင်းရေးကို  ဂရုစိုက်ဖို့လိုပါတယ်။ ရေခဲရေသောက်တာ၊ နေပူကပြန်လာပြီး အအေးသောက် တာနဲ့  အဲကွန်းလေခံတာမျိုး ရှောင် ကြဉ်သင့်ပါတယ်။ အဲဒါဆိုရင် အပူဖုပေါက်တာ သက်သာသွားပါ မယ်။ တကယ်လို့ ပေါက်ခဲ့ရင်လည်း အနာပျောက်ဆေး၊ ပိုးသတ်ဆေးတွေ သောက်ရပါမယ်။ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက် တာ ရှောင်ကြဉ်သင့်ပါတယ်။ ကွမ်းနဲ့ဆေးလိပ်မှာ နီကိုတင်းအခြေခံထားတဲ့  ဆေးရွက်ကြီးကုန်ကြမ်းပါဝင်လို့  လူကိုစွဲလမ်းစေပြီး  အဆမတန် သောက်သုံး မယ်ဆိုရင် အပူဖုပေါက်တတ်တယ်။ အရက်ပြင်းတွေ နေ့စဉ် သောက်နေရင်လည်း အပူဖုပေါက်တတ် ကြောင်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့ ရေးသားတင်ပြလိုက်ရပါတယ်။      ။                               

ဒေါက်တာလွင်သန့်