(၁၇)ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

 

 (၁၇)ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

 

ပဲခူး ဧပြီ ၂၂

    ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၇)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေရောဂါကုဆေးရုံကြီးတွင်  ကျန်းမာရေး စောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပရဟိတ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား   လိုက်လံကြည့်ရှုခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားပြီး လစဉ်   အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့်  ဆေးဝါးလိုအပ်ချက် မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာရေးနှင့် ပတ်သက်၍ အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု၊ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖ၊ လူမှုရေးအသင်း အဖွဲ့များ၏ ပူးပေါင်းကူညီပါဝင်မှုဖြင့် လစဉ် တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌  ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည့်အပြင် လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါးတစ်လစာ   လစဉ်ထောက်ပံ့ ပေးလျက်ရှိကြောင်းနှင့် အခြေခံစားသုံးကုန်များအား သက်သာသော နှုန်းထားဖြင့် တစ်ပါတည်း ရောင်းချပေးလျက်ရှိကြောင်း  သိရသည်။

 ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်း အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ၉၃၀၀၀  ကျော်ရှိပြီး  ပဲခူးမြို့နယ်အတွင်း၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ၁၂၀၀၀ ကျော် နေထိုင်လျက် ရှိကြောင်း သိရသည်။