ကျန်းမာရေးဝန်ကြီးဌာန ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်း ခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်

 

ကျန်းမာရေးဝန်ကြီးဌာန ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်း ခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော်   ဧပြီ   ၂၂

    ကျန်းမာရေးဝန်ကြီးဌာန  ရာထူးတိုးမြှင့်တာဝန် ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရာထူးတိုးမြှင တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာန၏ လုပ်ငန်းတာဝန်များ တိုးတက်အောင်မြင်စေရန် အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို စိတ်ရောကိုယ်ပါ  အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ပေးရန်အတွက် ရာထူးတိုးမြှင့် ပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း။  

မိမိတို့ရာထူးနှင့် ထိုက်တန်သည့် လုပ်ငန်းတာဝန်များကို  ထမ်းဆောင်ရမည့်အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုများ လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ ရှိမည်ဖြစ်ပြီး  မိမိတို့ဝန်ကြီးဌာနအနေ ဖြင့်လည်း လိုအပ်ချက်၊ စိန်ခေါ်မှုများရှိသည့် အတွက် တတ်စွမ်းသရွေ့ကြိုးပမ်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလိုအပ်ချက်များကို နိုင်ငံ့သားကောင်းပီသစွာ မိမိတို့၏ တစ်နိုင်တစ်ပိုင်စွမ်းအားဖြင့် ဝိုင်းဝန်းဆောင် ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွင်   အရည်အသွေးပြည့်မီစေရန် အတွက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆေးသုတေသန၊ တိုင်းရင်းဆေးနှင့်  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး စသည့်လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့   မိမိတို့ ဝန်ထမ်းများအတွက် စိတ်ချမ်းသာမှုရှိစေရန်နှင့် လုပ်ငန်းခွင်သာယာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊    မိမိတို့ကျန်းမာရေး ဝန်ကြီးဌာန၏ လိုအပ်ချက်များကို   နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်က အပြည့်အဝဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေး မည်မျှပင်စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းင်းအခွင့် အရေးကိုခံစားနိုင်ရန် အနှောင့်အယှက်များ၊ အခက်အခဲများ ရှိနေမည်ဆိုပါက အကျိုးရှိ နိုင်မည်မဟုတ်ကြောင်း၊    ထို့ကြောင့် သက်ဆိုင်သူများအားလုံး   တိုင်းပြည်နှင့် ပြည်သူကိုကောင်းစေလိုသည် ဆိုပါက စဉ်းစားဆင်ခြင် ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ယခုရာထူးတိုးမြှင့်ခံရသူများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်ဆံနေရသည့် အဓိကကျသူများ ဖြစ်သောကြောင့် တိုင်းပြည်နှင့်ပြည်သူအတွက် အကောင်းဆုံးကြိုးစား ဆောင်ရွက်ပေးစေလိုပါကြောင်း။

မိမိတို့ကျန်းမာရေးဝန်ကြီး၏ အဓိကရည်မှန်းချက်ဖြစ်သည့်   ပြည်သူအားလုံး သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ပြီး ရောဂါဘယများ ကင်းရှင်းစေရန်အတွက် မိမိတို့သင်ယူ တတ်မြောက်ထားသည့် ပညာစွမ်းအား၊ ကြုံတွေ့ခဲ့ရသော လုပ်ငန်းအတွေ့အကြုံများကိုအခြေခံ၍ မိမိတို့ကာကွယ် စောင့်ရှောက်ပေးရသည့် လူနာများအပေါ် ကိုယ်ချင်းစာတရားထားရှိပြီး မေတ္တာစေတနာအပြည့်ဖြင့် အရည်အသွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှုများကို ထိထိ ရောက်ရောက် ပေးအပ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများကို ရာထူးတိုးမြှင့်ခန့်အပ်လွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယခုအခမ်းအနားတွင်   ကျန်းမာရေးဝန်ကြီးဌာနရှိ   ဝန်ကြီးရုံးနှင့် ဦးစီးဌာန အသီးသီးမှ အရာထမ်း ၁၆၀ ဦး၊ အမှုထမ်း ၄၇ ဦး စုစုပေါင်း ၂၀၇ ဦးကို ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခဲ့ကြောင်း   သတင်းရရှိသည်။